ပန်းချီ သားကြီးဟာ နေသားကျမှုတွေကနေ ဖယ်ခွာရှောင်ရှားချင်တဲ့ စိတ် ရှိသူ အနုပညာရှင် တဦး ဖြစ်တောကြောင့် သူ အရမ်း ရောင်းအားကောင်းနေတဲ့ အင်ပရက်ရှင်းနစ် ပန်းချီကားတွေ ရေးဆွဲတာကို ရပ်ပစ်လိုက်ပါတယ်။ “ပန်းချီဆရာ ဆိုတာ သူပုန်စိတ်ရှိရတယ်” လို့ သူက ဆိုပါတယ်။ သူဟာ မိုးနေ၊ ရေနွှား မဖြစ်ချင်တော့ဘူး၊ သူဟာ ဖန်တီးနေကျ၊ တွေးခေါ်နေကျ အနေအထားကနေ အနုပညာတင်ပြမှု ပန်းချီ ပုံစံသစ်တခုကို ပြောင်းလဲဖန်တီးဖို့ ကြိုးစားပါတယ်။
“မင်းဟာက မြန်မာရနံ့မပါဘူး” လို့ ဝေဖန်ခံရတော့ သားကြီးက “ကျနော် မြန်မာလည်း မဖြစ်ချင်ဘူး၊ တရုတ်လည်း မဖြစ်ချင်ဘူး၊ ကုလားလည်း မဖြစ်ချင်ဘူး၊ အင်္ဂလိပ်လည်း မဖြစ်ချင်ဘူး။ လူပဲ ဖြစ်ချင်တယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။ ပန်းချီ သားကြီးရဲ့ ပန်းချီကားတွေမှာ ထယ်ကြောင်းတွေလို ဆေးသားထူထူနဲ့ မျဉ်းကြောင်း တွေရဲ့ အရသာ၊ တက်ချာတွေ ရဲ့ အရသာ၊ ပရိသတ်ကိုပါ သူ့ရဲ့ artworks ထဲပါဝင်စေတဲ့ Fiber Glass ကော်လာ့ (Collarged, or installed) ပန်းချီ လက်ရာတွေရဲ့ ဆွဲဆောင်မှုကို မြင်တွေ့ခံစားရမှာပါ။
ပန်းချီ သားကြီးက ငယ်စဉ်ကတည်းက ဦးလေးတွေ ဖြစ်တဲ့ မော်ဒန်ပန်းပုဆရာ ဦးဝင်းမြင့်၊ ပန်းချီ ဦးမောင်မောင်ဘတို့နဲ့ အနီးကပ် နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ပန်းချီ ကားကို knife နဲ့ ရေးဆွဲရာတာ ကြိုက်နှစ်သက် သလို၊ ‘အသစ်’ လုပ်ချင်တဲ့ ဆန္ဒကလည်း သူ့ကို အမြဲလွှမ်းမိုးနေပါတယ်။ ၈၈ အရေးခင်း မဖြစ်ခင်မှာ ပန်းချီစဆွဲခဲ့ပါတယ်။
“မဆလ ခေတ်မှာ ၇၅ ကျပ်တန်တွေ တရားမဝင် မကြေညာခင်မှာ၊ သံရုံးက နိုင်ငံခြားသားတွေ ပန်းချီကားတွေကို လာဝယ် လိုက်တာများ…။ အဲ… သူတို့လည်း ဝယ်ပြီးရော ပိုက်ဆံတွေကို တရားမဝင်တော့ဘူး လို့ ကြေငြာတာ။ ဒါပေမယ့် သူတို့က သုံးလို့ ရတဲ့ ပိုက်ဆံတွေနဲ့ ပြန်လာလဲပေးသွားပါတယ်။ တို့တွေ ကြည်နူးခဲ့ ရတာပေါ့” လို့ အရေးအခင်း မတိုင်ခင်ကာလ ဘ၀ ဖြတ်သန်းမှုကို အမှတ်တရ ပြန်ပြောပြတယ်။
သူဟာ ဗိုလ်ချုပ်ဈေးက ဦးလေးရဲ့ပန်းချီဆိုင်မှာ ဝင်ရောက်လုပ်ကိုင်ရင်း နိုင်ငံကျော် ပန်းချီဆရာတွေရဲ့ ပန်းချီ လက်ရာတွေ နဲ့ ရင်းနှီးခဲ့ပါတယ်။ ကိုယ်တိုင်လည်း အောက်ဒိုးသန်သူ ဖြစ်ပြီး အစောပိုင်းမှာ Realism, Impression, Expression ပန်းချီ ကားတွေကို ရေးဆွဲခဲ့ပါတယ်။
ပုဂံကို အောက်ဒိုးထွက်ရင်း ပြဿာဒ်ကြီးဘုရားဘေးက ထယ်ကြောင်းကြီးတွေဟာ သူ့ရဲ့ ပန်းချီလက်ရာ လမ်းကြောင်းကို ပြောင်းစေခဲ့ပါတယ်။ ထယ်ကြောင်းတွေရဲ့ မျဉ်းအရသာ၊ Texture အရသာကို တွေ့လိုက်ရတဲ့ ပန်းချီ သားကြီးဟာ လက်ရှိ သူရေးဆွဲနေတဲ့ ပန်းချီကားထဲက အညာလှည်းနဲ့ လူပုံတွေကို ဖယ်ချလိုက်ပါတယ်။ ကျန်ခဲ့တဲ့ မျဉ်းကြောင်းထူထူရဲ့ Texture အရသာဟာ သူ့ရဲ့ ပန်းချီ ဖန်တီးတင်ပြပုံ လမ်းကြောင်းအသစ် ဖြစ်လာခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်ကျော် နှစ်များက သူ ဖန်တီးတဲ့ ပန်းချီကားတွေကို “မင်းဟာက ပန်းချီလား” လို့ တချို့က မေးခဲ့ကြပါတယ်။ အခုတော့ သူ့ရဲ့ပန်းချီကားတွေကို ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ ကနေဒါ နိုင်ငံတွေက အနုပညာလက်ရာ စုဆောင်းသူနဲ့ ပြတိုက်တွေက ဝယ်ယူစုဆောင်းကြပါတယ်။ မြန်မာနိုင်ငံမှာတော့သံအမတ်၊ လုပ်ငန်းရှင်တွေနဲ့ အနုပညာရှင် တချို့က စုဆောင်းကြပါတယ်။
ပန်းချီသားကြီးက “ အနုပညာဆိုတာ အဝေးကြီးတွေမှာ လိုက်ရှာရတာမျိုးမဟုတ်ပါဘူး” လို့ ဆိုတဲ့ ပန်းချီ သားကြီးဟာ ပါဖောမန့်၊ ပန်းပု၊ အင်စတော်လေးရှင်း အနုပညာတွေကိုလည်း ဖန်တီးသူတဦးဖြစ်သလို သူ့ရဲ့ ၉ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို မတ်လ ၂၁ ရက်နေ့အထိ ယောမင်းကြီးလမ်း၊ အမှတ် ၃၀ (ဘီ)၊ အခန်း ၄ ၊ မြေညီထပ်ရှိ Thar Gyi Art Studio မှာ ပြသလျှက်ရှိပါတယ်။
ပြပွဲမှာ သူ့ရဲ့ အစောပိုင်း ပန်းချီလက်ရာတွေနဲ့ လက်ရှိ ဖန်တီးထားတဲ့ ပန်းချီကား ၁၁ ကား ပြသထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄ ထောင် သတ်မှတ်ထားပါတယ်။ ပန်းချီကားတွေ အပြင် ပြခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေကိုကလည်း အင်စတော်လေးရှင်း အနုပညာ လက်ရာတွေ ဖြစ်နေတာ ကိုလည်း တွေ့ရမှာပါ။ ။