လူငယ် ပန်းချီ ဆရာမ ခြူးဝေငြိမ်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က မန ္တလေးမြို့မှာ တွေ့ကြုံခဲ့ရတဲ့ နှောင့်ယှက်စော်ကားခံရမှုကို မမေ့နိုင်ခဲ့ပါဘူး။ သူမညီမလေးရဲ့ ရင်သားတွေကို လူတယောက်က ရုတ်တရက် ဖျစ်ညှစ်ပြီး ထွက်ပြေးသွားခဲ့တာပါ။ ဒီ အဖြစ်အပျက်က ခြူးဝေငြိမ်း အတွက် အမျိုးသမီး ပန်းချီကားတွေကို ဖန်တီးဖို့ အကြောင်းရင်း တရပ် ဖြစ်လာခဲ့ပါတယ်။
“အဲဒီ ဖြစ်ရပ် ဖြစ်ပြီးတော့ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝကို သတိထားမိသွားတာပေါ့။ အမြဲတမ်းလည်း အစအနောက် ခံရတယ်။ ချက်ချင်းတော့ ပန်းချီ မဆွဲနိုင်ခဲ့ဘူး။ စိတ်က ရှိပေမယ့် လက်က မလိုက်နိုင်တော့လေ။ ၁၈ လောက်က ဖြစ်ခဲ့ပေမယ့် အသက် ၂၀ ကျော်လောက်မှာမှ စပြီး ဆွဲဖြစ်ခဲ့တာပါ” လို့ ပန်းချီ ခြူးဝေငြိမ်းက ဆိုပါတယ်။
အခုလည်း ပန်းချီ ခြူးဝေငြိမ်းဟာ ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေ၊ ရတနာပုံခေတ် ပုရပိုက်ထဲက အပျိုတော်တွေရဲ့ ရုပ်ပုံတွေ ပါဝင်တဲ့ “ ခု-ဆယ်-ရာ” ပန်းချီပြပွဲကို ယောမင်းကြီးလမ်းမှာ ရှိတဲ့ Gallery 65 မှာ ပြသနေ ပါတယ်။
“ဒီပြပွဲမှာ အပေါ်ပိုင်း ဗလာချွတ်ပြီး (Nude) ဆွဲထားတဲ့ပါတဲ့ ပုံတွေကို ဆွဲထားတယ် လေ။ အဲဒါက လှောင်ချင်၊ ခနဲ့ချင်တာ ပေါ့။ အမြဲတမ်း လုံလုံခြုံခြုံ ဝတ်နေရမယ် ဆိုတာကိုတော့ လက်မခံပါဘူး။ လုံလုံခြုံခြုံ ဝတ်ပေးလိုက်လို့လည်း ဒုစရိုက်မှုတွေ ပျောက်သွားမယ် ဆိုတာကိုလည်း လက်မခံဘူး။ ချွတ်နေရမယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် အဆင်ပြေပြီး သက်သောင့်သက်သာ ရှိတဲ့ဟာဆို ဝတ်ရမှာပဲ။ ဘယ်သူ့မှလည်း မထိခိုက်ဘူး။ ဒါညီမရဲ့ တယောက်တည်း အမြင်ပါ” လို့ ခြူးဝေငြိမ်းက ဆိုပါတယ်။
မိန်းကလေးများ ဝတ်စားဆင်ယဉ်မှုနဲ့ ပတ်သက်လို့လည်း သူက အခုလို မြင်ပါတယ်။ “အခု မုဒိမ်းမှုတွေ ဖြစ်တယ်၊ လုံလုံခြုံခြုံဝတ်ရမယ် တဲ့။ ဟုတ်ပါပြီ။ ညီမတို့က အကျႌ လက်ရှည်တွေ၊ ဘောင်းဘီရှည်တွေ ဝတ်ပြီး လုံလုံခြုံခြုံ နေလိုက်တော့။ အားလုံးကို လုံလိုက်ပါပြီ တဲ့။ နောက် တဖြည်းဖြည်းနဲ့ ခြေဖမိုး လက်ဖမိုး လေးတွေပါ မြင်နေရသေးလို့ မုဒိန်းကျင့်ချင်ပါတယ်။ ခြေဖမိုးလက်ဖမိုးလေးတွေပါ မြင်နေရသေးလို့ စချင်နောက်ချင်ပါတယ် ဆိုတဲ့ အထိ မရောက်သွားဘူးလို့ မပြောနိုင်ဘူး” လို့ ဆိုပါတယ်။
“ခု-ဆယ်-ရာ” လို့ အမည်ပေးထားတဲ့ သူမရဲ့ ပန်းချီပြပွဲမှာ ပန်းချီကား ၄၀ ကျော် ပြသထားပြီး ဧပြီ ၈ ရက်နေ့ အထိ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အမှတ် ၆၅ ရှိ Gallery 65 မှာ ပြသသွားမှာ ဖြစ်ပါတယ်။
အပျိုတော် ပန်းချီကားတွေနဲ့ ပတ်သက်လို့ ပန်းချီခြူးဝေငြိမ်းက “ရတနာပုံခေတ် အမျိုးသမီးတွေဟာ ကိုယ်တွေ ယုံကြည် ထားသလို၊ ပုံဖော်ထားသလို မဟုတ်ခဲ့ဘူး။ သူ့ခေတ် သူ့အခါမှာ ရတနာပုံခေတ်ရဲ့ သီးသန့် အငွေ့အသက်ကို တွေ့ရသလို၊ လွတ်လပ်မှု၊ ခေတ်ဆန်မှု တွေကို တွေ့မြင်ရတယ်။ အပျိုတော်တချို့ရဲ့ ဝတ်လစ်စလစ် ရင်သားတွေ၊ အထက်ပိုင်း ဗလာကျင်းတာတွေ၊ မလုံတလုံ ဝတ် စားခြင်းနှင့် လှစ်ဟပြသခြင်း တွေက ဟိုးရှေးယခင် ဘုရင်တွေလက်ထက် ကတည်းက အမျိုးသမီးတို့ရဲ့ အဆင်တန်ဆာ ဖြစ်ခဲ့ပုံရတယ်။ ဒါ ညီမရဲ့ ခံစားချက်လေ။ သမိုင်းနဲ့ ပတ်သက်ပြီး စာတမ်း လုပ်တာ မဟုတ်တော့ သမိုင်းနဲ့တော့ ကွာချင်ကွာမှာပေါ့။ ဒါညီမရဲ့ အမြင်ပါ” လို့ ဆိုပါတယ်။
မြန်မာ့ယဉ်ကျေးမှုတွေ ကိုလည်း နှစ်သက်တဲ့ ခြူးဝေငြိမ်းဟာ ရိုးရာ အဝတ်အစားလေးတွေ ဝတ်တာမျိုး၊ ကတ္ထီပါ ဖိနပ်လေးတွေ စီးတာမျိုး၊ ကိုယ့်အိမ်လာတဲ့ ဧည့်သည်နဲ့ အသက်ကြီးတဲ့ လူတွေကို ဦးချတာမျိုး၊ လူကြီးမိဘတွေ ရှေ့မှာ ခေါင်းငုံ့ သွားလာတာမျိုးတွေ ကိုလည်း နှစ်သက်မြတ် နိုးသူပါ။
ပန်းချီ ဆွဲခြင်းကို မြတ်နိုးတဲ့ ခြူးဝေငြိမ်းဟာ မန ္တလေး နည်းပညာတက္ကသိုလ် တက်ရောက်ရင်းနဲ့ပဲ မန ္တလေး၊ ရန်ကုန်က နာမည်ကျော် ပန်းချီဆရာတွေဆီမှာ ပန်းချီပညာကို ဆည်းပူးခဲ့ပါတယ်။ တက္ကသိုလ်တက် ရောက်နေစဉ်မှာပဲ တက္ကသိုလ်ရဲ့ ပထမဆုံး စာပေနှင့် အနုပညာအသင်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အသင်းက ထုတ်တဲ့ စာစောင်တွေ အတွက် မျက်နှာဖုံး ပန်းချီနဲ့ ပန်းချီဆောင်းပါးတွေ ရေးပေးခဲ့ပါတယ်။
တက္ကသိုလ်ရဲ့ ပထမဆုံး ပန်းချီပြပွဲမှာလည်း စီစဉ်သူတဦး အနေနဲ့ ပါဝင်ဆောင်ရွက် ပေးခဲ့ပါတယ်။ နည်းပညာ တက္ကသိုလ်မှာ မဟာတန်းအတွက် ရွေးချယ်ခံခဲ့ရ ပေမယ့်လည်း အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ပန်းချီဘွဲ့လွန် တက်ဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ နယူးယောက်နဲ့ ပဲရစ်ကို ပန်းချီလေ့လာရေး ခရီးတွေ ထွက်ခဲ့တယ်။
ပန်းချီ ခြူးဝေငြိမ်းဟာ အနုပညာ လှုပ်ရှားမှုတွေထဲမှာ ပါဝင်ရင်း မြန်မာအမျိုးသမီးတွေရဲ့ ဘဝနဲ့ နေ့စဉ် ရှင်သန် နေထိုင်မှုတွေ၊ ထုံးတမ်းစဉ်လာတွေ ထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးတွေ၊ ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေကို ဖော်ကျူးတဲ့ တကိုယ်တော်ပန်းချီပြပွဲ ၃ ပွဲလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ။