ပန်းချီစိုးနိုင်ရဲ့ အနုပညာဖန်တီးမှုက သူ့ရဲ့ နေရေးထိုင်ရေးကိုပါ ခြိမ်းခြောက်နေပါတယ်။ အကြောင်းက ပန်းချီကားဝယ်သူနဲ့ မိတ်ဆွေတချို့က ပန်းချီစိုးနိုင်အိမ်ကိုရောက်ရင် “ခင်ဗျားရဲ့ ကြမ်းခင်းကို ရောင်းမှာလား။ ဒါမှမဟုတ် ဖျက်ယူသွားရ မှာလား” လို့ စနောက်ကြတာပါ။
သာမန်အားဖြင့်တော့ အိမ်အခင်းကြမ်းပြင်ကြီးက ရောင်စုံ ဆေးစက်တွေနဲ့ ညစ်ပတ်နေတဲ့ သစ်သားပြားတွေပါပဲ။ ဒါပေမယ့် ပန်းချီချစ်သူတွေ အတွက်ကတော့ ဆေးရောင်စုံတွေရောပြွန်းနေတဲ့၊ မျဉ်းကြောင်းတွေနဲ့ ရှုပ်ယှက်ခက်နေတဲ့ ဒီကြမ်းပြင်ကြီး ဟာ အနုပညာပစ္စည်းတခု ဖြစ်နေပါတယ်။
မြောက်ဒဂုံမှာ ရှိတဲ့ နှစ်ထပ်သစ်သားအိမ်ရဲ့ အပေါ်ထပ် တခုလုံးဟာ ပန်းချီစိုးနိုင်ရဲ့ စတူရီယိုပါ။ ပန်းချီကားချပ်ပေါင်း များစွာနဲ့ ပြည့်နေတဲ့ ဒီနေရာဟာ ပြည်တွင်း၊ ပြည်ပက စိုးနိုင်ရဲ့ ပန်းချီချစ်သူတွေ အတွက် ပန်းချီကားတွေ ဖန်တီးရာ နေရာလည်း ဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ ပန်းချီကားတွေကို ဒီစတူရီယိုမှာ ဖန်တီးခဲ့သလို ပန်းချီကားပေါင်းများစွာကိုလည်း စုဆောင်းသူတွေက လာရောက် ဝယ်ယူလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စိုးနိုင်ဆိုတဲ့ လူငယ်လေးဟာ မဂ္ဂဇင်း သရုပ်ဖော်ပန်းချီကို ကြိုးစားပမ်းစား ဆွဲခဲ့ရတယ်၊ လူကြိုက်မများတဲ့ သူ့ရဲ့ ပန်းချီလက်ရာတွေကို ပေတေပြီး တစိုက်မတ်မတ် ရေးဆွဲခဲ့ရတာကိုတော့ အများစုက သိရှိနိုင်မှာ မဟုတ်ပါဘူး။
မဆလ ခေတ်မှာ ကြီးပြင်းလာရတဲ့ ပန်းချီစိုးနိုင်ဟာ မွေးရာပါ Thalassaemia ရောဂါသည် ဖြစ်လို့ ကျန်းမာရေး ကောင်းလှသူ တယောက် မဟုတ်ပါဘူး။ အစစအရာရာ ရှားပါးတဲ့ခေတ်၊ ဆီပြန်ဟင်းစားရတဲ့ နေ့တွေမှာ စိုးနိုင်ဟာ ပန်းကန်ထဲက ဆီအကျန်တွေနဲ့ မျဉ်းကြောင်းတွေကို ရေးခြစ်နေတတ်သူ ဖြစ်ပါတယ်။
တက္ကသိုလ် တက်ရာမှာလည်း အကောင်လေးတွေကို ရေးခြစ်နိုင်မယ့် သတ္တဗေဒပညာရပ်ကို ရွေးချယ်ခဲ့ပါတယ်။ နောက် ကျောင်းတက်နေရင်း ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ်ရဲ့တပည့် ပန်းချီ ဦးသိန်းဟန်ဆီမှာ ပန်းချီပညာ သင်ယူ ပါတယ်။
“ခဲတံဖြစ်ဖြစ်၊ ဘောပင်ဖြစ်ဖြစ် တခုခုနဲ့ တခုခုပေါ် ရေးနေမိတယ်။ ဘာက စေ့စော်တွန်းပို့သလဲ ဆိုတော့ ကျနော့်ရဲ့ မသိစိတ်ရဲ့ စွဲလမ်းမှုက စေ့ဆော်တွန်းပို့တာလို့ ပြောရင် ရမယ် ထင်တယ်” လို့ ပန်းချီစိုးနိုင်က ဆိုပါတယ်။
တကိုယ်တည်း နေလေ့ရှိတဲ့ ပန်းချီစိုးနိုင်ဟာ ၁၉၈၀ ကျော်ခုနှစ် ရုပ်ရှင်ပိုစတာတွေက ပန်းချီ မောင်ညိုဝင်းရဲ့ စုတ်ချက် ရဲရဲကြီးတွေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပါတယ်။ မြန်မာ မော်ဒန်ပန်းချီ လောကရဲ့ ရှေ့ဆောင်တဦး ဖြစ်တဲ့ ပန်းချီအောင်စိုးရဲ့ ကဗျာသရုပ်ဖော်ပုံတွေ၊ ပန်းချီမောင်ငွေထွန်းရဲ့ လွတ်လပ်တဲ့ မျဉ်းကြောင်းတွေနဲ့ ကိုရွှေအောင်သိန်းရဲ့ ဓားချက်ပန်းချီကားတွေကိုလည်း နှစ်ခြိုက်နေခဲ့ပါတယ်။
“ကျနော်က နဂိုကတည်းက ပန်းချီကားကို ကြည့်လိုက်လို့ ရှိရင် ရဲရဲတင်းတင်း ရေးထားတာ၊ လွတ်လွတ်လပ်လပ် ရေးထားကို ကြိုက်တယ်ဗျ။ ကျနော်ရေးတော့လည်း အဲဒီလို ရေးဖြစ်တယ်”လို့ ပန်းချီစိုးနိုင်ကဆိုပါတယ်။ “သာရ၊ လုံမလေး၊ ချယ်ရီမဂ္ဂဇင်းတွေမှာ သရုပ်ဖော် ပန်းချီရေးတယ်။ အဲဒီခေတ်က သရုပ်မှန်မကြိုက်တဲ့လူတွေက ကျနော်ဆီအပ်တယ်။ မတူတဲ့ ဟန်လေး ဖြစ်နေတာကိုး” လို့ သူက ဆိုပါတယ်။
ပန်းချီစိုးနိုင်ဟာ အင်းလျားဂယ်လာရီက ပန်းချီ အောင်မြင့်နဲ့ တွေ့ဆုံလိုက်ရချိန်မှာ မော်ဒန်ပန်းချီ အယူအဆနဲ့ ရေးဟန်တွေ ကို ကောင်းကောင်းထိတွေ့ခွင့်၊ လေ့လာခွင့် ရခဲ့ပါတယ်။ အနောက်တိုင်းက Abstract Expressionism ပန်းချီဆရာကြီးတွေ ဖြစ်တဲ့ ဝီလျံဒီကူးနင်း၊ ဂျက်ဆင်ပေါလော့တို့ရဲ့ ရေးချက်တွေကို လေ့လာနိုင်ခဲ့ပါတယ်။
အမေရိကန်စင်တာမှာ ပန်းချီဆရာမ Supanne Reese Horvitf ရဲ့ပန်းချီဆိုင်ရာ ဟောပြောပွဲကလည်း ပန်းချီစိုးနိုင်ရဲ့ ပန်းချီဖန်တီးမှုကို အကျိုးပြုခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ Abstract ပန်းချီမှာ အကောင်လေးတွေ ထည့်ဆွဲတဲ့ ဟန်ဟာ ယနေ့ပန်းချီစိုးနိုင်ရဲ့ ရှေးဦးပန်းချီ ဖန်တီးမှုလို့ ဆိုရမှာပါ။ လူ၊ ခွေး၊ ကြောင်၊ မြင်း စတဲ့ သတ္တဝါတွေကို သူ့ရဲ့ ရဲရင့်လျင်မြန်တဲ့ စုတ်ချက်တွေ၊ မျဉ်းကြောင်းတွေနဲ့ ပုံစံအမျိုးမျိုးရေးဆွဲခဲ့ပါတယ်။
မြန်မာပန်းချီ လောကမှာ New Figurative ပန်းချီဆရာ တယောက်အဖြစ် လူသိများ လာခဲ့ပါတယ်။ အနုပညာနဲ့ စာပေ ဝေဖန်ရေးဆရာ ဇော်ဇော်အောင်က “စိုးနိုင်ရဲ့ပန်းချီကားတွေမှာ Figure of Living Things တွေ ပါပါတယ်။ အဲဒီပုံတွေက Human Figure တွေ မဟုတ်ဘဲ လူနဲ့တူတဲ့ ပုံ၊ လူထက်တဆင့်နိမ့်ပုံရတဲ့ပုံ၊ လူနဲ့ လူမဟုတ်တဲ့ လူတွေရဲ့ ပုံတွေ တနည်းအားဖြင့် Sub Human Figure တွေပါ” လို့ မှတ်ချက်ချပါတယ်။
ခေတ်ပြိုင်ပန်းချီ လှုပ်ရှားသူ၊ ဒါရိုက်တာအောင်မင်းကလည်း “မြန်မာ မော်ဒန်ပန်းချီမှာ ခင်မောင်ရင်၊ မောင်ဒီ၊ ခင်ဝမ်း၊ အောင်မြင့်တို့ရဲ့ စုတ်ချက်သက်သက်နဲ့ ဖွဲ့စည်းတဲ့ pure abstract လက်ရာတွေဆီက ကိုယ်ပိုင် အစွဲအလမ်းဖြစ်တဲ့ အကောင်ကလေးတွေကို ပြင်းထန်တဲ့ လှုပ်ရှားတဲ့ လျင်မြန်သွက်လက်တဲ့ စုတ်ချက်တွေနဲ့ ဖွဲ့စည်းပြီး လမ်းကြောင်းတခု ခွဲထွက်ခဲ့သူဟာ စိုးနိုင်ပဲဖြစ်ပါတယ်” လို့ မြန်မာခေတ်ပြိုင်အနုပညာ ၁ စာအုပ်မှာ ဖော်ပြထားပါတယ်။
ပန်းချီစိုးနိုင်ဟာ အနုပညာအရ လမ်းခွဲထွက်နိုင်ခဲ့ ပေမယ့် ပန်းချီကားတွေ ဝယ်ယူသူ နည်းပါးခဲ့ပါတယ်။ ပန်းချီပြပွဲ စိစစ်ရေး အဖွဲ့ဝင်တယောက်က “မင်း အလုပ်လေး ဘာလေး လုပ်ဦး” လို့ ပန်းချီစိုးနိုင်ကို အကြံပေးတဲ့ အထိ ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းချီစိုးနိုင်က သူ့ရင်ထဲက မျဉ်းကွေးမျဉ်းကောက် စုတ်ချက်တွေကို ကင်းဗတ်စ်ပေါ်မှာ ချဆွဲခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ စက္ကူတွေပေါ်မှာ ချဆွဲခဲ့ပါတယ်။ ရွံ့စေးပန်းပုရုပ်တွေကိုလည်း ဖန်းတီးခဲ့ပြီး လောကနတ်၊ ဆာကူရာတာဝါနဲ့ စင်ကာပူနိုင်ငံ တွေမှာ ပြသခဲ့ပါတယ်။
ပန်းချီကား ဝယ်မယ့်လူက “နဂါးနဲ့ တူသွားအောင် နည်းနည်းပြင်ပေးပါလား။ ဝယ်မယ်” လို့ ပြောတယ်။ “ကျနော် တူအောင် ဘယ်လိုမှ မလုပ်တတ်ဘူးဗျာ” လို့ စိုးနိုင်က ရယ်မောရင်း ပြန်ပြောပါတယ်။
ပန်းချီစိုးနိုင်က နေ့တိုင်း ပန်းချီကားတွေ ဆွဲနေပြီး နှစ်တိုင်းလည်း တကိုယ်တော်ပြပွဲတွေ ပြုလုပ်ပါတယ်။ တချို့နှစ်တွေမှာ တနှစ်တည်း ၂ ကြိမ်၊ ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ မော်ဒန်ပန်းချီပြပွဲတွေ ဖြစ်တဲ့ ကံ့ကော်ရွာ၊ wild eye အုပ်စုလိုက် ပန်းချီ ပြပွဲတွေမှာလည်း ပါဝင်ပြသခဲ့ပါတယ်။
ပန်းချီဆွဲရင်း ကျတဲ့ ဆေးစက်တွေကြောင့် ကြမ်းပြင်ပေါ်မှာလည်း ဆေးစက်တွေ ပိုမို များပြားလာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် တွေမှာ ပန်းချီကား အများအပြားလည်း ရောင်းချလာရပါတယ်။
လူတွေက သူဆွဲတဲ့ ပန်းချီကားရဲ့ အဓိပ္ပာယ်ကို မေးကြတယ်။ “အဓိပ္ပာယ်တွေဖေါ်တဲ့ ကိစ္စကြီးလည်း ကျနော်က လုံး၀ မကြိုက်ဘူးဗျ။ အဲဒီလို အဓိပ္ပာယ်ရှိတယ် ဆိုမှပဲ တန်ဖိုးရှိတယ် ထင်ကြလား မသိဘူး။ ဘာရယ် မဟုတ်ပါဘူး လို့ ဖြေရင် သူတို့ မကျေနပ်ဘူး။ အဓိပ္ပာယ်တခုခု ရှိကို ရှိရမယ် လို့ ထင်ကြတယ်” လို့ စိုးနိုင်က ဆိုပါတယ်။
ဒါပေမယ့် စိုးနိုင်စိတ်ကြိုက် ဖန်တီးနေရင်း စိုးနိုင်ရဲ့ အနုပညာကို ကြိုက်နှစ်သက်သူတွေ များလာပါတယ်။ ပန်းချီ ဆေးစက်တွေနဲ့ ကြမ်းပြင်ပေါ်ကို ပြည်တွင်း၊ ပြည်ပက ပန်းချီ ချစ်သူတွေ၊ ပန်းချီကား စုဆောင်းသူတွေ တတ်လာကြ ပါတယ်။ ပန်းချီကားပေါင်းများစွာကို သူတို့ ဝယ်ယူသွားကြတယ်။
ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာ စိုးနိုင်ရဲ့ ပန်းချီကားတွေကို သွားပြခွင့် ရခဲ့ပါတယ်။ စိုးနိုင်ကတော့ ပုံမှန်အတိုင်း မနက်ပိုင်း ပန်းချီဆွဲပြီး နေ့ခင်းပိုင်း အိပ်ပါတယ်။ ဧည့်သည်လာရင် ပန်းချီဆွဲပျက်တယ် လို့ သူက ဆိုပါတယ်။ ဧည့်မျှော်နေရင် ကျီးကန်းတောင် အိမ်ရှေ့ဖြတ် မပျံဘူးလို့လည်း ညည်းပြန်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ပန်းချီစိုးနိုင်က သူ့ရဲ့ ပုံမှန်ဖန်တီးမှု မဟုတ်တဲ့ ကျပ်ခိုးမှိုင်းနဲ့ ဆွဲတဲ့ “မည်းမဲ့” ဆိုတဲ့ ပန်းချီပြပွဲတခု ပြုလုပ်ခဲ့ပါတယ်။ “အရောင်မည်းပြီး အရုပ်မဲ့တဲ့ မည်းမဲ့ ဆိုပြီး ကျပ်ခိုးမှိုင်းနဲ့ ပန်းချီရေးမိတယ်။ မှိုင်းတိုက်တာကို ပန်းချီပါလို့ ပြောရင် ပန်းချီဆိုတာ ကျနော်တို့နဲ့ နီးစပ်တယ်။ ကိန်းခန်းမကြီးဘူး” လို့ သူ ကဆိုပါတယ်။
အခုလည်း အနေအထိုင် ရိုးအေးသလို စကားပြောရင် လေသံအေးအေးနဲ့ ပြောတတ်တဲ့ ပန်းချီစိုးနိုင်ဟာ ကိန်းခန်းမကြီးဘဲ မြောက်ဒဂုံ၊ ကန်သာယာ ၂ လမ်းမှာ ရိုးရိုးအေးအေး နေထိုင်လျက်ရှိပါတယ်။