ရန်ကုန်မြို့မှာ၂နှစ်တိုင်ကျင်းပခဲ့တဲ့ Yangon Splash Walk ရဲ့လမ်းလျှောက်သင်္ကြန်ကို ဒီနှစ်မှာတော့ ခေတ်လေး ခေတ်ကို ကိုယ်စားပြုတဲ့ သင်္ကြန်ပုံစံအဖြစ် ဖော်ကျူးပြီး တင်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“ဒီနှစ်မှာတော့ ခေတ်အဆက်ဆက်ကို ဖြတ်လျှောက်မယ့် Yangon Splash Walk လို့အမည်ပေးထားပါတယ်။ အဲဒါ ကတော့ သင်္ကြန်ပွဲတော်ဖြစ်တည်လာတဲ့ သမိုင်းထဲက ထူးခြားတဲ့ ခေတ်လေးခေတ်ကို ဆွဲထုတ်လိုက်တယ်။ ပုဂံခေတ် ၊ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ် ၊မျက်မှောက်ခေတ်ကို ဦးစားပေးပြီး လုပ်ထားပါတယ်။ ဒီခေတ်တွေအလိုက် အငွေ့ အသက်ကို ခံစားလို့ရအောင်ပြင်ဆင်ထားပါတယ် ” လို့ Yangon Splash Walk ရဲ့ Organizer တဦးဖြစ်သူ ကိုကောင်းစည်သူ ကပြောပါတယ်။
ရန်ကုန်မြို့မှာ ၂၀၁၆ခုနစ်မှစတင်ကာ၂နှစ်ဆက်တိုက် လူဦးရေထောင်ချီ ပါဝင်ဆင်နွှဲခဲ့တဲ့ ရန်ကုန်လမ်းလျှောက် သင်္ကြန် Yangon Splash Walk ကို ဒီနှစ်သင်္ကြန်အတက်နေ့မှာ ယခင်နှစ်များနည်းတူ မတူညီတဲ့ပုံစံနဲ့ ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၆ခုနစ်တွင် စတင်ပြုလုပ်ခဲ့တဲ့ ရန်ကုန်လမ်းလျှောက်သင်္ကြန်ကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ကိုလိုနီ အဆောက်အဦီး နေရာများကို အခြေခံလမ်းကြောင်းဆွဲကာ သင်္ကြန်ရက်များမှာ သွားရောက်ဆင်နွဲှခဲ့ကြပြီး ၂၀၁၇ခုနစ်မှာတော့ “သင်္ကြန် ဆိုတာ အားလုံးပါဝင်နိုင်တဲ့ပွဲတော်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူနေရပ်ကွက်ထဲတွေမှာ ကျန်ရှိနေတဲ့ ကလေးငယ်များ ၊ အမေများ ၊လူကြီးများ ၊အဖိုးအဖွားများကိုပါ ပါဝင်ပျော်ရွှင်စေအောင် ပြုလုပ်ပေးခဲ့ပါတယ်။
ဒီနှစ်သင်္ကြန်မှာတော့ အတီးအမှုတ်အဆိုအက အနုပညာရပ်များပါဝင်ပြီး ဂီတမှူး ဓိရာမိုရ်ဦးဆောင်တဲ့ ဂီတကဗျာ တီးဝိုင်းက တာဝန်ယူစီစဉ်တင်ဆက်သွားမှာ ဖြစ်ပြီး တခေတ်ချင်းစီရဲ့ ထူးခြားတဲ့ တူရိယာအသုံးအနှုန်းနဲ့ အဆိုအက ဟန်တွေပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တခေတ်ချင်းစီရဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်များ ၊ထုံးတမ်းစဉ်ဓလေ့များကို Putet Comic ကနေ ကာတွန်းရေးဆွဲပြီး အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ပိုစတာများခင်းကျင်းကာ ပြသပေးသွားမှာ ဖြစ်ပါတယ်။
“ဒီအစီအစဉ်က လူငယ်တွေနဲ့ ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အစီအစဉ်လေးပေါ့။ သင်္ကြန်နဲ့ပတ်သက်ပြီး အထင်ကရဖြစ်တဲ့ ခေတ်တွေကို ရွေးချယ်ထားပါတယ်။ တိမ်မြှပ်နေတဲ့ အရာတွေကို ဖော်ထုတ်သွားမယ့် အစီအစဉ်တွေလည်း ပါရှိပါတယ်။ အဓိကကတော့ ကျနော့်အနေနဲ့ ပြင်ထားတာကတော့ နေရာတခုကိုရောက်ရင် အဲဒီနေရာရဲ့ ပုံရိပ်တွေကို ထင်ဟပ်အောင်လို့ အချက်အလက်တွေကို အခြေခံပြီးတင်ဆက်ထားပါတယ်။” လို့ ဂီတမှူး ဓိရာမိုရ်က ပြောပါတယ်။
အဆိုပါ ရန်ကုန်လမ်းလျှောက်သင်္ကြန် Yangon Splash Walk ကိုတော့ သင်္ကြန်အတက်နေ့မှာ ရန်ကုန်မြို့ ကန်တော်ကြီး ကရဝိတ်ဥယာဉ်ကမ္ဘာ ဝင်ပေါက်မှ မျှော်စင်ကျွန်းထိ ပန်းခြံတလျှောက် ၄နေရာ ပြင်ဆင်ကာ နေ့လည် ၂နာရီ မှ ၆နာရီထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။Yangon Splash Walk ဆိုတာကတော့ လူထုအခြေပြု စုစည်းမှု တခုဖြစ်ပြီး ၂၀၁၆ခုနစ်တွင် စတင်ခဲ့တဲ့ သင်္ကြန်တွင်းလူထုပွဲတော်တခု ဖြစ်ပါတယ်။