ပြည်တွင်းဈေးကွက်အတွက် ဖက်ရှင်ကျတဲ့ ယွန်းထည်တွေ ထုတ်လုပ်လာ
မြန်မာ့ရိုးရာအနုပညာတခုဖြစ်ပြီး ယွန်းထည်လို့ လူသိများတဲ့ကြတဲ့ လက်မှုပစ္စည်းမှာ ထူးခြား တဲ့ကိုယ်ပိုင်ဟန် ရှိပါတယ်။
ပန်းဆယ်မျိုးမှာ တမျိုးအပါအဝင်ဖြစ်တဲ့ ပန်းယွန်းဟာ ပုဂံဒေသ ဝန်းကျင် မှာ ၁၂ ရာစုနဲ့ ၁၃ ရာစုကတည်းက မူလပထမ ပေါ်ထွက်ခဲ့ပြီး အဲဒီပုဂံမြို့ဟောင်းဟာ ယနေ့ဆိုရင် မြန်မာ့ယွန်းထည် ရိုးရာလုပ်ငန်းရဲ့ ဗဟိုချက်အဖြစ် ကျန်ရှိနေပြီ ဖြစ်ပါတယ်။
ဒေသထွက်ကုန်တွေအကြား ယွန်းထည်တွေအပေါ် စိတ်ဝင်စားမှု နှေးကွေး ကျဆင်း နေပေမယ့်လည်း လက်မှုပစ္စည်း တွေကို လက်တွေ့လုပ်ကိုင်နေဆဲ ဖြစ်တဲ့ ပညာသည် အဖွဲ့တွေနဲ့ အလုပ်ရုံကြီးတွေကို ပုဂံဒေသနေရာအနှံ့အပြားမှာ တွေ့နိုင်နေပါသေးတယ်။
“ရိုးရာယွန်းထည် အနုပညာဟာ ပုဂံခေတ်ကတည်းက ရှိခဲ့ပြီး အခုဆို နှစ်ပေါင်းတထောင်ကျော် သက်တမ်း ရှိနေပါပြီ။ ဒီလုပ်ငန်းဟာ ရိုးရာ မိသားစုလုပ်ငန်းဖြစ်ပြီး မျိုးဆက်တဆက်ကနေ နောက် တဆက် လက်ဆင့်ကမ်းခဲ့ကြပါတယ်။ အဲဒါကြောင့် နောက်မျိုးဆက်တွေလည်း စိတ်ပါဝင်စားအောင် ကျမက ဆွဲဆောင်ချင်ပါတယ်” လို့ ပုဂံဟောက်စ် ယွန်းထည်ဆိုင်ပိုင်ရှင် ဒေါ်မော်မော်အောင်က ပြောပါတယ်။
“ဒါပေမယ့် မျိုးဆက်သစ်တွေက နောက်ဆုံးပေါ်နည်းပညာပစ္စည်းသစ်တွေကိုပဲ အထူးစိတ်ဝင် စားကြပြီးတော့ ရိုးရာပစ္စည်းတွေကို တန်ဖိုးထားဖို့ မေ့နေကြတယ်။ သူတို့ပိုက်ဆံတွေကို ဇိမ်ခံပစ္စည်း တွေမှာပဲ ပိုသုံး ချင်ကြတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
မြန်မာ့ယွန်းထည် ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်က လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ အဆင့်ပေါင်း များစွာ ဖြတ်သန်းရပြီး အစုလိုက် လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ လူတယောက်တည်းနဲ့ လုပ်ငန်းစဉ် အားလုံးကို လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ပစ္စည်း အမျိုးအမည်တခု အပြီးအစီးဖြစ်ဖို့ ၆ လကနေ တနှစ် အတွင်း အချိန် ယူရပါတယ်။ ဒါ့ကြောင့်လည်း ယွန်းထုတ်ကုန်တွေဟာ ဈေးနှုန်းချိုသာခြင်း မရှိတာပဲ ဖြစ်ပါတယ်။

“ဒါကလည်း ပြည်တွင်းကလူတွေ ယွန်းထည်မဝယ်ကြတဲ့ အကြောင်းပြချက် တခုပဲဖြစ်ပါတယ်။ ဈေးကြီးတယ် ဆိုပေမယ့် ဒါက ကျမတို့ရဲ့ တန်ဖိုးကြီးတဲ့ ယဉ်ကျေးမှုအမွေအနှစ်ပါ” လို့ ဒေါ်မော်မော်အောင်က ဆိုပါတယ်။
“တကယ်လို့ ကောင်းကောင်းမွန်မွန်သုံးမယ်ဆိုရင် သားစဉ်မြေးဆက်အထိ အသုံးခံပါတယ်။ ကျမဆိုရင်လည်း အဘိုးအဘွား လက်ထက်ကတည်းက ယွန်းထည်အမျိုးအမယ် အများကြီး အမွေရလိုက်တာ ရှိပါတယ်။ အဲဒါတွေ အခုထိရှိနေသေးတဲ့ အတွက် ကျမ အင်မတန်မှ ဂုဏ်ယူမိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီနေ့ခေတ် ယွန်းထည်ဆိုင် အများအပြားရဲ့ ဝယ်လိုအားဟာ နိုင်ငံခြားသားတွေနဲ့ ဟိုတယ် အလှဆင်ဈေးကွက်ကို အားထားနေရတယ်လို့ ဒေါ်မော်မော်အောင်က ရှင်းပြပါတယ်။
သူက “အဲဒါကြောင့်မို့ ကျမက ပြည်တွင်းဈေးကွက်ကို ဆွဲဆောင်ချင်တယ်။ အထူးသဖြင့် လူငယ်တွေ ယွန်းထည်တွေကို စိတ်ဝင်စားလာစေချင်တာကြောင့် ဖက်ရှင်ကတဆင့် ဆွဲဆောင်ဖို့ စိတ်ကူးပြီး ကြိုးစားနေတာပါ” လို့ ပြောပါတယ်။
ပုဂံဟောက်စ်ယွန်းထည်ဆိုင်မှာ ယွန်းထည်ကို ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေအဖြစ် မြင်နိုင် တာကတော့ လက်ကောက်၊ လက်စွပ်၊ လည်ဆွဲ၊ နားဆွဲ၊ ဆံထိုးနဲ့ ပုဝါပါးကို ယွန်းထည်မှာ အသုံးပြုတဲ့ သစ်စေးနဲ့ ပန်းချီဆွဲထားတဲ့ ပုဝါတို့ကို စတင်ဖန်တီးထုတ်လုပ်ထားပါတယ်။
အဲဒီပစ္စည်းတွေကို လူထုကို မိတ်ဆက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့အတူ ဒေါ်မော်မော်အောင်က ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ညောင်ရေသွန်းပွဲကို အာနန္ဒဘုရားမှာ ကျင်းပပြု လုပ်ရာ အဲဒီပွဲမှာ မြန်မာအမျိုးသမီးငယ်လေးတွေက ပုဂံဟောက်စ်ရဲ့ယွန်းထည်ဖက်ရှင်ပစ္စည်းတွေကို မြန်မာရိုးရာဝတ်စုံနဲ့အတူ လိုက်ဖက်စွာ ဝတ်ဆင်ပြီး ညောင်ရေသွန်းခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ဒီဇိုင်းတွေက သိပ်ခေတ်ဆန်လွန်းတာ မဟုတ်ပေမယ့် ဂန္ထဝင်မြောက်ပြီး တင့်တယ်လှပါတယ်။ တချို့ဆွဲကြိုးတွေ၊ လက်စွပ်တွေက ပုံမှန်ထက် ကြီးလွန်းပြီး အခုခေတ်လူငယ်တွေအတွက် ပုံမှန် ပွဲတက် လက်ဝတ်တန်ဆာအနေနဲ့ ဝတ်ဆင်ဖို့ ဟန်မကျပါဘူး။
“ဟုတ်ပါတယ်။ ပြည်တွင်းကလူတွေကို ဆွဲဆောင်နိုင်ဖို့ ကျမတို့ ကြိုးစားနေပေမယ့်လည်း နိုင်ငံခြားသားတွေနဲ့ပတ်သက်လို့ မေ့ထားလို့မရပါဘူး။ အဲဒါကြောင့်မို့ ဒီဇိုင်းတွေကို ပြည်တွင်းကရော၊ နိုင်ငံခြားသားရော ကြိုက်အောင် ဖန်တီးရပါတယ်” လို့ ဒေါ်မော်မော်အောင်က ပြောပါတယ်။

ခြောက်သွေ့ပြီးသား ယွန်းထည်ရဲ့ မူလအခြေခံအရောင်က အနက်ဖြစ်ပြီး အနုပညာ လက်ရာတွေ စွဲထင်အောင် အပ်နဲ့ထွင်းလို့ ပုံဖော်ရပါတယ်။ အနီ၊ အစိမ်းနဲ့ အဝါရောင်စတဲ့ တခြားအရောင် တွေကိုလည်း ထပ်ဖြည့်ရပါတယ်။
“မြန်မာ့ရိုးရာ ယွန်းထည်မှာ အရောင်လေးရောင်ပဲရှိပါတယ်။ အရောင်တင်ဆေးမှုန့်အတွက် ကျမတို့မှာ နည်းပညာ များများစားစားမရှိပေမယ့်လည်း ယွန်းထည်ရိုးရာရှိတဲ့ ဂျပန်နဲ့တခြားတိုင်းပြည်တွေကနေ တချို့အရောင်တွေကို လိုအပ်ရင် ကျမတို့ အော်ဒါမှာပြီး ဝယ်နိုင်ပါတယ်” လို့ ဒေါ်မော်မော်အောင်က ရှင်းပြပါတယ်။
ယွန်းထည်ဖက်ရှင်ပစ္စည်းတွေရဲ့ဈေးနှုန်းက သူ့အမျိုးအစားအပေါ် မူတည်ပြီး အစားစား ရှိပါတယ်။ လက်ကောက်တကွင်းကို ၄ ထောင်ကျပ်နဲ့ ၅ ထောင်ကျပ်သာ ရှိပြီး လည်ဆွဲဆိုရင်တော့ ၂ သောင်းကျပ် ကနေ ၄ သောင်းကျပ်အထိ ဈေးပေါက်ပါတယ်။
“ကျမတို့ နောက်ထပ်ပစ္စည်းဒီဇိုင်းအသစ်တွေထပ်ပြီး ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းက လူတွေကြိုက်အောင် ဒီဇိုင်းခပ်မိုက်မိုက် လေးတွေ လာဦးမှာပါ” လို့ ဒေါ်မော်မော်အောင်က ပြောပါတယ်။
ဒါကြောင့်မို့ သင်ဟာ ဖက်ရှင်ချစ်သူတယောက်လည်းဖြစ်ပြီး ရိုးရာပစ္စည်းကို သင့်ကိုယ်မှာ ဝတ်ဆင် ကာ ဂုဏ်ယူချင်တယ်ဆိုရင်တော့ ပုဂံကို အလည်အပတ်သွားတဲ့အခါ ပုဂံဟောက်စ်ဆိုင်လေးကို သွားသင့်တယ်လို့ ဆိုပါရစေ။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် Lacquerware Maker Experiments With Fashion Accessories to Keep Local Interest Alive ကို ဘာသာပြန်ဆိုသည်။