Culture

မိတ်ကပ်လိမ်းခြယ်မှုများ ဖြစ်ပေါ်လာပုံ သမိုင်း အစ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က စတင်ပြီးတော့ သုသေသန ပြုလုပ်ခြင်း၊ ဓာတုဗေဒ ပညာရှင်၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင် ဒီဇိုင်နာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအထိ မိတ်ကပ်ဟာ ပါဝင်ပတ်သက်မှု ရှိလာပါတယ်။

ရှိတာထက်ပိုပြီး ပြည့်စုံချင်တဲ့ လူ့သဘာဝ၊ မိမိကိုယ်ကို ပိုမိုလှပချင်တဲ့ စိတ်သဘောထားတွေကြောင့် မိတ်ကပ်ဟာ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်လာပါတယ်။ ဒါကြောင့် နိုင်ငံအသီးသီးက မိတ်ကပ် လိမ်းခြယ်ပုံတွေနဲ့ မိတ်ကပ်ဖြစ်ပေါ်လာပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အီဂျစ်

 

 

အီဂျစ်နိုင်ငံဟာ မိတ်ကပ်အသုံးပြုမှုကို ကောင်းမွန်စွာ မှတ်တမ်းတင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ BC ၄၀၀၀ လောက်က စတင်ပြီး အီဂျစ်တွေဟာ မိတ်ကပ်ကို လိမ်းခြယ်ဖို့ တီထွင် ပြုလုပ်ခဲ့ကြပါတယ်။ ကြေးနီ သတ္တုရိုင်းကို မျက်လုံးဘေး ခြယ်သဖို့ အသုံးပြုခဲ့ကြပြီး မျက်လုံးအတွင်းပုံစံကို ပေါ်လွင်စေဖို့ Kohl ကို အသုံးပြုခဲ့ကြပါတယ်။ အနီရောင်မြေစေးကို နှုတ်ခမ်းနီအတွက် အသုံးပြုခဲ့ပြီးတော့ ဒန်းပင်ကိုတော့ ခြေသည်း၊ လက်သည်း အလှဖော်ဖို့ သုံးစွဲခဲ့ကြပါတယ်။

(၂) တရုတ်

 

 

တရုတ်နိုင်ငံဟာလည်း မိတ်ကပ်လိမ်းခြယ်မှု နည်းလမ်းအမျိုးမျိုးကို တီထွင်အသုံးပြုခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သစ်စေး၊ ကျွဲကော်၊ ပျားဖယောင်းနဲ့ ကြက်ဥ တို့ကိုရောနှောပြီး လက်သည်းနီ အဖြစ် အသုံးပြုခဲ့ပါတယ်။

မိမိရဲ့ အဆင့်အတန်းအလိုက် လက်သည်းနီအရောင်ကို ဆိုးရမှာဖြစ်ပြီး မိဖုရား အစရှိတဲ့ တော်ဝင် သူတွေကတော့ ရွှေရောင်နဲ့ ငွေရောင်ကို ဆိုးရမှာ ဖြစ်ပါတယ်။ အခြား မှုးမတ်ကတော် အစရှိသူတွေ ကတော့ အနီရောင်နဲ့ အမဲရောင်ကို ဆိုးခွင့်ရှိပြီး သာမန် လူတန်းစားတွေကိုတော့ တောက်ပတဲ့ အရောင်တွေ ဆိုးခွင့်ကို ပိတ်ပင်ထားပါတယ်။

အမျိုးသမီးတွေဟာ မျက်နှာဖြူဖို့အတွက် ဆန်မှုန့်ကို အသုံးပြုကြပြီး ဆံပင်အရောင် ဆိုးဖို့ အတွက်တော့ ဒန်းဆိုးဆေးကို အသုံးပြုကြပါတယ်။ အမျိုးသမီးတွေဟာ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား၊ ကျောက်စိမ်းပြား စတာတွေကို နဖူး၊ ပါး၊ မျက်လုံးတဝိုက်နေရာတွေမှာ ကပ်ပြီး ဝတ်ဆင်ကြပါတယ်။

(၃) မွန်ဂိုလီယား

 

 

မွန်ဂိုလီယားနိုင်ငံမှာတော့ တော်ဝင် မိသားစုတွေဟာ မျက်လုံးအောက်တည့်တည့် ပါးအလယ်မှာ အနီရောင်အစက်လေးတွေ လိမ်းခြယ်ကြပြီး ဘာရည်ရွယ်ချက်နဲ့ လိမ်းကြတယ်ဆိုတာကိုတော့ မသိရပါဘူး။

(၄) ဂျပန်

 

 

ဂျပန်နိုင်ငံက ဂေးရှားမယ်တွေဟာ ဆူးပန်းရဲ့ ပွင့်ဖက်တွေကို ကြိတ်ပြီး ဖယောင်းအနုစားတမျိုးနဲ့ ရောကာ မျက်ခွံ၊မျက်လုံးထောင့်စွန်းနဲ့ နှုတ်ခမ်းတွေကို လိမ်းခြယ်ခဲ့ကြပါတယ်။ မျက်နှာဖြူဖို့ အတွက်တော့ ဆန်မှုန့်ကို အသုံးပြု လိမ်းခြယ်ခဲ့ကြပါတယ်။ Ohaguro လို့ ခေါ်တဲ့ အမဲရောင်ဆေးကိုတော့ ပွဲလမ်းသဘင်တွေတက်ရင် သွားမှာ လိမ်းကြပါတယ်။

Ref; historyofcosmestic , lovetoknow.com

Loading