အရှေ့အာရှနိုင်ငံအများစုနဲ့ အရှေ့တောင်အာရှနိုင်ငံအများစုမှာ အဖြူရောင်ဝတ်စုံဝတ်ခြင်းကို သေဆုံးခြင်းရဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားကြပါတယ်။ အနောက်တိုင်းမှာ အသုဘရှုသွားကြတဲ့အခါ အမဲရောင်ဝတ်သလို အရှေ့တိုင်းက လူ့အဖွဲ့အစည်းမှာတော့ အဖြူရောင်အဝတ် ဒါမှမဟုတ် အဖြူရောင်ခြုံထည်ကို ခြုံလေ့ရှိကြပါတယ်။ အခုတခါမှာတော့ အာရှနိုင်ငံတွေက အသုဘပို့တဲ့ ထုံးတမ်းဓလေ့တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အိန္ဒိယ
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိန္ဒူဘာသာဝင် တွေဟာ လူတွေသေဆုံးတဲ့အခါ သေဆုံးသူကိုလေးစားတဲ့အနေနဲ့ အသုဘကို အရေးတယူဆောင်ရွက်ကြပါတယ်။ ဟိန္ဒူတွေရဲ့ကျမ်းစာအရ သေဆုံးသူဟာ ဘဝတပါးကို ကူးပြောင်းဖို့အတွက် ခန္ဓာကိုယ်ကိုထားခဲ့ပြီး သွားကြရတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
ဒါကြောင့် ဒီလိုကူးပြောင်းတဲ့အချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းကူးပြောင်းနိုင်ဖို့ ဘာသာရေးထုံးတမ်းတွေနဲ့အညီ အခမ်းအနားတွေ ပြုလုပ်ကြပါတယ်။ ဟိန္ဒူအများစုဟာ အသုဘမှာ အလောင်းကိုမီးသဂြိုလ်ကြပါတယ်။ ဒီလိုမီးသဂြိုလ်ခြင်းကြောင့် သေဆုံးသူဟာ ကောင်းမွန်ရာဘဝကို ရောက်နိုင်တယ် လို့လည်းယုံကြည်ကြပါတယ်။
ဒါကြောင့် သေဆုံးသူကို ပိတ်စအဖြူနဲ့ပတ်ပြီး ထင်းပုံပေါ်မှာတင်ကာ မီးသဂြိုလ်လေ့ရှိကြပါတယ်။ တယောက်ယောက် သေသွားပြီးတဲ့နောက် ၃ ရက်၊၅ရက်၊၇ရက် နဲ့ ၉ရက်မြောက်နေ့တို့မှာ သေဆုံးသူရဲ့ မိသားစုတွေဟာ စုစည်းပြီး သေဆုံးသူအကြိုက်ဆုံးအစားအသောက်တွေကိုစားသုံးပြီး သေဆုံးသူရဲ့ ဓာတ်ပုံရှေ့မှာလည်း ဒီစားစရာတွေကိုချပေးရတဲ့ ဓလေ့လည်းရှိပါတယ်။
(၂) တရုတ်
တရုတ်နိုင်ငံမှာတော့ ဘိုးဘေးကိုးကွယ်မှုဟာ ခရစ်မပေါ်မှီ နှစ်တထောင်လောက်ကတည်းက ပေါ်ထွက်ခဲ့တဲ့ အစဉ်အလာ ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေမှာ သေဆုံးပြီးတဲ့ လူတွေဟာ အသက်ရှင်ကျန်ရစ်တဲ့ မိသားစုကို စောင့်ရှောက်မှုရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဒါကြောင့်သူတို့ဟာ သေဆုံးသွားပြီးစအချိန်တွေမှာ အသုဘအခမ်းအနားကို ညီညီညွတ်ညွတ်လုပ်ကြသလို သေဆုံး သွားတာ ကြာပြီဖြစ်တဲ့သူတွေအတွက်လည်း သုသာန်ကိုသွားရောက်ပြီး ကန်တော့တဲ့ပွဲတွေ နှစ်တိုင်း ပြုလုပ်လေ့ရှိပါတယ်။
(၃)ဂျပန်
ဂျပန်လူမျိုးတွေကတော့ အလောင်းကို မြေမြှပ်သဂြိုလ်လေ့ရှိပါတယ်။ ယခင်ကတော့အများစုဟာ မိသားစုသုသာန်တွေမှာ အလောင်းကို မီးရှို့ကာ ပြာကို မြေမြှပ်သဂြိုလ်လေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ ပင်လယ်ထဲမှာ ပြာမှုန့်မျောခြင်းတွေ လည်း ရှိလာပါပြီ။
တချို့မိသားစုတွေကတော့ အာကာသထဲထိ ပြာမှုန်တွေသွားကျဲကြတယ်လို့လည်း သိရပါတယ်။
ဂျပန်နိုင်ငံမှာ အသုဘစရိတ်ဟာ ပျှမ်းမျှ ယန်းငွေ ၂ ဒဿမ ၃ မီလီယံလောက်ကုန်ကျတယ်လို့ သိရပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ဂူသွင်းသဂြိုလ်ဖို့ မြေနေရာရှားပါးလွန်းတာကြောင့် ဖြစ်ပါတယ်။ တိုကျိုမြို့မှာဆိုရင် မြေနေရာဟာ မရှိသလောက်ကို ရှားပါးသွားပြီလို့လည်း သုသေသနတွေအရသိရပါသေးတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဂျပန်နိုင်ငံကလူတွေဟာ အသုဘကို အကုန်အကျနည်းအောင် တတ်နိုင်သလောက်ချုံ့ပြီး လုပ်လာကြပါပြီ။ ဂျပန်လူမျိုးတွေမှာလည်း တရုတ်လူမျိုးတွေလိုပဲ ဘိုးဘေးကန်တော့တဲ့ အစဉ်အလာရှိတယ်လို့လည်း သိရပါတယ်။
Ref; thefuneralsource.org