Culture

မြင်းခြံ ဆီမီးခုံရှိ ရှေးဟောင်းအဆောက်အဦ ၂ ခု၊ ပြည်ထောင်စုဘတ်ဂျက် ဖြင့်ပြုပြင်ထိန်းသိမ်းမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း မြင်းခြံခရိုင် ဆီမီးခုံကျေးရွာရှိ သက်တမ်း နှစ် ၁၅၀ ရှိပြီဖြစ်သော ယွန်းဘုန်းကြီး ကျောင်း နှင့် ကျွန်း တံတားအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

စက်တင်ဘာ ၂၅ ရက်က ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် မြင်းခြံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်အေးက မြင်းခြံ မြို့နယ် ဆီမီးခုံကျေးရွာရှိ နှစ်သက်တမ်း ၁၅၀ ခန့်ရှိသော ရှေးဟောင်းအဆောက်အဦ ၃ခုအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအပေါ် ၎င်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်အေးက ဆီမီးခုံကျေးရွာတွင် ယွန်းကျောင်းအမည်ရှိ သစ်သား ဘုန်းကြီး ကျောင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က ဆောက်လုပ်ခဲ့သည့်အတွက် ရှေးဟောင်း ကျောင်းဆောင်တစ်ခုဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုမရှိသည့်အတွက် ၁၃၆၀ ခုနှစ်က ပြိုကျပျက်စီးခဲ့သည်ဟု ဆိုသည်။

ဆီမီးခုံကျေးရွာ၏ အရှေ့နှင့်အနောက်ကို ဆက်သွယ်ထားပြီး မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန် တွင် ဒေသခံတို့ အသုံးပြုနေသည့် ကျွန်းတံတားသည်လည်း ဦးပိန်တံတားတည်ဆောက်ပြီး ၃ နှစ်အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းတံတားကြီးတစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေသခံရွာသူရွာသားများက စောင့်ရှောက်ထားကြောင်း သိရသည်။

ထို့အပြင် သုံးခုမြောက်ရှေးဟောင်းအဆောက်အဦမှာ ၁၈၈၆ ခုနှစ် ကိုလိုနီခေတ်ဦးကာလ နယ်ချဲ့ ဆန့်ကျင်ရေး အတွက် ဆီမီးခုံကျေးရွာတွင် တည်ဆောက်ခဲ့ပြီး လက်ရှိ ဆီမီးခုံရဲစခန်းအဖြစ် အသုံးပြုလျက်ရှိသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်ဟု ဦးခင်မောင်အေးက ဆိုသည်။

၎င်း ရှေးဟောင်းအဆောက်အဦးသုံးခုအနက် ယွန်းဘုန်းကြီးကျောင်းနှင့် ကျွန်းတံတားအား ထိန်းသိမ်း စောင့်ရှောက် ရန်အတွက် တိုင်းအစိုးရအဖွဲ့က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ လာမည့် ၂၀၁၈-၁၉၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တို့တွင် တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အလားတူ ပြီးခဲ့သည့်နှစ် သြဂုတ်က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး)မှ အင်ဂျင် နီယာ အဖွဲ့က ယွန်းဘုန်းကြီးကျောင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်း မှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။

မန္တလေးတိုင်း မြင်းခြံခရိုင် ဆီမီးခုံကျေးရွာအုပ်စု ဆီမီးခုံကျေးရွာအား ရပ်ကွက် ၄ ခုပါဝင်သော မြို့အဖြစ် တိုးချဲ့ဖွဲ့စည်း ပြီး ကျေးရွာအုပ်စုအား ပယ်ဖျက်ခြင်းကို သြဂုတ်၁၀ ရက်က ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန် ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading