ဟွန်ဒူးရပ်စ်ရဲ့ လက်ရှိအခြေအနေဟာ ဘယ်လိုတွေဖြစ်ပျက်နေပြီး ဘာကြောင့် နေထိုင်သူတွေ စွန့်ခွာချင်ကြလဲ ဆိုတာ စိတ်ဝင်စားစရာ မေးခွန်းတွေပဲဖြစ်ပါတယ်။ ဓာတ်ပုံ သတင်းထောက်တဦးဖြစ်တဲ့ Tomas Ayuso ကတော့ သူ့ရဲ့ ပရောဂျက်ကို “The Right To Grow Old” လို့ နာမည်ပေးပြီး ဟွန်ဒူးရပ်စ် နိုင်ငံသားတွေအတွက် အခုလို နာမည်ပေးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံမှာ မှန်ကန်တဲ့ အရွယ်ရောက်မှုဟာ ဖျက်ဆီးခံနေရဆဲဖြစ်ပြီး မှန်မှန်ကန်ကန် အရွယ်ရောက်လာဖို့ကိုလည်း ဖြတ်ကျော်ရမယ့် အတားအဆီးအချို့ကိုလည်း ကလေးငယ်တွေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အခြားနိုင်ငံတနိုင်ငံကို ပြောင်းရွှေ့နေထိုင်မလား ၊ ဒါမှမဟုတ်ရင် နိုင်ငံတွင်းမှာ ဆက်လက်နေထိုင်မယ် ဆိုရင် မိမိကိုယ်ကို ကာကွယ်ဖို့အတွက် သေနတ်တလက် ကိုင်ဆောင်ထားမလားစတဲ့ ရွေးချယ်ခွင့်တွေဟာ အရွယ်ရောက်လာမယ့် ကလေးငယ်တွေတွေ့ကြုံရမယ့် သဘာဝဖြစ်စဉ် တခုလိုတောင် ဖြစ်နေပါသေးတယ်လို့ Tomas Ayuso က ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ဓာတ်ပုံအများစုဟာ Honduran မြို့ အပြင်ဘက် San Pedro Sula မှာ အဓိကထား ရိုက်ကူးထားခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း အမေရိကန် အလယ်တည့်တည့်မှာရှိတဲ့ ဟွန်ဒူးရပ်စ် နိုင်ငံသားတဦး ဖြစ်ပါတယ်။ သူ့ဓာတ်ပုံတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရှုပ်ထွေးပြီး ကြီးပြင်းလာဖို့ ခက်ခဲတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ကမ္ဘာအနှံ့ ပြသဖို့ပဲဖြစ်ပါတယ်။
နိုင်ငံရဲ့ မြို့တွေနေရာအနှံ့အပြားမှာ ဆင်းရဲနွမ်းပါးခြင်း၊ ရာဇဝတ်မှုတွေနဲ့ လာဘ်စားမှုတွေ တည်ရှိနေတာဖြစ်ပြီး အရွယ်ရောက်သူ ယောကျ်ားလေးမှန်သမျှ သေနတ်ကိုင်ဆောင်ဖို့ ဖိအားပေးခံရတာဖြစ်တယ်လို့ ၂၀၁၆ ခုနှစ် Insight Crime မှတ်တမ်းတွေအရ သိရပါတယ်။
နိုင်ငံတွင်းပေါများလှတဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေ ထိုင်ခဲ့ကြတာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၇၃၅၀ ယောက်ရှိတယ်လို့လည်း စစ်တမ်းတွေအရ သိရှိရပါတယ်။ Ayuso ဟာ ဓာတ်ပုံတွေရိုက်ကူးရင်းနဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကြားမှာ လှပနေဆဲဖြစ်တဲ့ အချစ်နဲ့ သူငယ်ချင်းတွေကြား သံယောဇဉ်ကိုလည်း ကင်မရာ မှန်ပြောင်းကတဆင့် အံ့အားသင့်စွာ တွေ့ရှိခဲ့ရပါသေးတယ်။
Ayuso ကတော့ သေနတ်ကိုင်ဆောင်မှုနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် စကားတခွန်းသာ ပြောဆိုခဲ့ပါတယ်။ “ကျနော် သူတို့ရဲ့ နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ထားမှာပါ” Ayuso ဟာ အမေရိကန်အခြေစိုက် သတင်းစာ တစောင်မှာ အပြည်ပြည်ဆိုင်ရာ ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်နေသူတဦးလည်း ဖြစ်ပါတယ်။
Ref: www.npr.org