မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေဟာ တန်ဆောင်တိုင်မှာ မီးထွန်းပွဲတော်တွေကို ခမ်းခမ်းနားနား ကျင်းပလေ့ ရှိကြပါတယ်။ မကြာသေးမီက ပြီးဆုံးသွားတဲ့ ဒေဝါလီပွဲတော်ဟာလည်း တန်ဆောင်တိုင်ပွဲကဲ့သို့ မီးထွန်းပြီး ဘုရားကို ပူဇော်တဲ့ပွဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း တန်ဆောင်တိုင်ပွဲကို စည်ကားစွာ ကျင်းပလေ့ ရှိပြီး နိုင်ငံအနှံ့အပြားမှာ ကထိန်လှည့်ခြင်းကို ပြုလုပ်ကြပါတယ်။ မီးပုံးပျံလွှတ်ပွဲကိုတော့ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့မှာ အဓိကထားပြီး ကျင်းပလေ့ရှိကြပါတယ်။
မီးမျှောပွဲကိုတော့ ရွှေကျင်မြစ်ကမ်းပါးတလျှောက် ကျင်းပကြပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Loy Krathong ပွဲတော်လောက် လူသိမများပေမယ့် မြန်မာနိုင်ငံအောက်ပိုင်းမှာ ဒေသခံများကတော့ နှစ်တိုင်း ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။
ထိုင်းလူမျိုးတွေဟာ တန်ဆောင်မုန်းလပြည့်ည မြစ်ချောင်းတွေ ရေပြည့်ရေလျှံချိန်မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖို့ အကောင်းဆုံးလို့ သတ်မှတ်ထားကြပါတယ်။ ဒီလမှာ ထိုင်းလူမျိုးတွေဟာ မီးမျှောပွဲတွေနဲ့ မီးပုံးပျံလွှတ်တဲ့ ပွဲတော်တွေကို ကျင်းပလေ့ ရှိကြပါတယ်။ ဒီလိုပွဲတွေ ကျင်းပတဲ့အခါ သူတို့ဟာ သူတို့တွေရဲ့ နောင်ရေးကောင်းဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပြီး ကျင်းပလေ့ ရှိကြပါတယ်။
(၁) ဘယ်လို ကျင်းပကြလဲ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ဒီမီးထွန်းပွဲမှာ Yi Peng နဲ့ Loy Krathong ဆိုပြီး အမျိုးအစား ၂ မျိုး ရှိပါတယ်။ ထိုင်းနိုင်ငံကို လည်ပတ်သူတွေအနေနဲ့ကတော့ ဒီပွဲနှစ်မျိုးကို ပေါင်းပြီး ပွဲတပွဲတည်းအဖြစ် သတ်မှတ်ထားကြပေမယ့် ဒေသခံများရဲ့ ပြောကြားချက်အရ ဒီပွဲနှစ်ခုဟာ အလွန်ကွာခြားတယ်လို့ သိရပါတယ်။
Loy Krathong ပွဲတော်မှာ ထိုင်းလူမျိုးတွေဟာ ငှက်ပျောရွက်ကို ကန်တော့ပွဲသဖွယ် ပြုလုပ်ကြပြီး အထဲမှာ ပန်း၊ ဖယောင်းတိုင်နဲ့ အမွှေးတိုင်စတာတွေကိုထည့်ပြီး မြစ်ထဲကို မျှောလေ့ရှိကြပါတယ်။ တချို့လူတွေဟာ မြစ်စောင့်နတ်ကို ပူဇော်ဖို့ အတွက် ဒင်္ဂါးပြားတွေကိုထည့်သွင်း မျှောလေ့ရှိတယ်လို့ သိရပါတယ်။ ပွဲတော်ကာလအတွင်းမှာ ထိုင်းလူမျိုးများဟာ မီးရှုးမီးပန်းများကို ဆော့ကစားခြင်းနှင့် လူကြီးမိဘများကို ကန်တော့ခြင်းစတာတွေကို ပြုလုပ်လေ့ရှိပါတယ်။
Loy Krathong ကို ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ကျင်းပလေ့ရှိပေမယ့် Yi Peng ကိုတော့ ချင်းမိုင်တမြို့ထဲမှာသာ ကျင်းပလေ့ ရှိပါတယ်။Yi Peng ပွဲတော်ဟာ မီးပုံးပျံလွှတ်ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ထိုင်းရိုးရာ မီးပုံးပျံတွေကို လောင်စာများထည့်က ကောင်းကင်သို့ လွှတ်ကျပြီး ဒီလို လွှတ်လိုက်တဲ့ မီးပုံးပျံမှာ သူတို့ရဲ့ ကံဆိုးမှုများ၊ ဖျားနာခြင်းများနဲ့ မိမိ ပြုလုပ်ခဲ့ပြီးသော မကောင်းမှုများ ပါသွားတယ်လို့ ယုံကြည်ကြပါတယ်။
(၂) ဘယ်နေရာမှာ ကြည့်ရှုနိုင်လဲ
Loy Prathong ပွဲတော်ကိုတော့ ထိုင်းနိုင်ငံ အနှံ့အပြားများ ကြည့်ရှုနိုင်ပါတယ်။Yi Peng ပွဲတော်ကို Tudung Kasethan Lanna မှာ ကြည့်ရှုနိုင်ပါတယ်။Tudung Kasethan Lanna ဟာ ချင်းမိုင်မြို့က Mae Jo တက္ကသိုလ်ရဲ့ အနောက်မှာ တည်ရှိပါတယ်။ Mae Ping မြစ်ကမ်းပါး တလျှောက်လည်း ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
(၃) ဘယ်အချိန် သွားသင့်လဲ
မီးထွန်းပွဲတော်ကို သွားရောက်လည်ပတ်လိုတဲ့ သူတွေဟာ လပြည့်ရက် မတိုင်မီ သွားရောက် ကြည့်ရှုသင့်ပါတယ်။ ယခုနှစ်မှာ ကျင်းပမယ့် Loy Prathong ပွဲတော်နဲ့ Yi Peng ပွဲတော်တို့ရဲ့ တရားဝင် သတ်မှတ်ရက်တွေကတော့ နိုဝင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ အထိ ဖြစ်ပါတယ်။
ဒီပွဲတော်တွေကို လူကြီး၊ လူငယ်မရွေး သွားလာနိုင်ဖို့အတွက် ပွဲတော်ရက်တွေမှာ “အရက်မသောက်ရ” စည်းကမ်းကို ထုတ်ထားပြီး ပွဲတော်ရက်အလိုက် မီးပုံးပျံလွှတ်ခြင်း၊ မီးမျောခြင်း စတာတွေကို ကြည့်ရှုနိုင်ပါတယ်။ အခုနှစ်တွေမှာတော့ ထိုင်းနိုင်ငံအစိုးရရဲ့ ပြောကြားချက်အရ ဒီပွဲတော်တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တာကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွားမှုရှိတယ်လို့ သိရပါတယ်။
REF; exoticvoyages.com