ခမ်းနားကြီးကျယ်တဲ့ ရာဇဝင်တွေရှိပြီး ယနေ့ခေတ်မှာလည်း ခေတ်မီ တိုးတက်မှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ တရုတ်နိုင်ငံဟာ ရှေးရိုးဆန်တဲ့ တရုတ်ရိုးရာ အမူအကျင့်တွေကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။
တရုတ်အစားအစာကို နိုင်ငံခြားသားတိုင်းက ကြိုက်နှစ်သက်ကြပြီး တရုတ်နှစ်သစ်ကူးပွဲကိုလည်း ကမ္ဘာအနှံ့အပြားမှာ ကျင်းပလေ့ ရှိကြပါတယ်။ ဒါပေမဲ့ တချို့အမူအကျင့်တွေကိုတော့ တရုတ်ပြည်တွင်းမှာသာ တွေ့နိုင်ပြီး နိုင်ငံခြားသားတွေ အတွက်လည်း ထူးဆန်းနေတတ်တဲ့ အမူအကျင့်တွေ ရှိနေပါသေးတယ်။
(၁) ထူးခြားတဲ့ အလှအပ
ရှေးယခင်က တရုတ်လူမျိုးတွေဟာ မိန်းကလေးများရဲ့ ခြေထောက်တွေကို ငယ်စဉ်ကတည်းက ကြာပန်းပုံစံ ဖိနပ်တွေမှာ ကြပ်တည်းစွာ ချုပ်စည်းထားလေ့ ရှိကြပါတယ်။ ၁၃ ရာစု တရုတ်ရိုးရာအရ ဒီလို ပြုလုပ်ခြင်းဟာ အလှဆင်ခြင်းလို့ ခံယူထားကြပြီး ဒီလို ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်ကောင်းကို ရတယ်လို့ ယုံကြည်ကြပါတယ်။
ယနေ့ခေတ်မှာတော့ ဆေးပညာအရ ခြေထောက်စည်းခြင်းကို ကန့်ကွက်ထားပေမယ့် ကျေးလက်ဒေသတွေမှာ ဒီလိုပြုလုပ်သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
(၂) ကံဆိုးစေတဲ့ နံပါတ်
အနောက်တိုင်းမှာ သတ်မှတ်ထားတဲ့ ကံဆိုးစေတဲ့ နံပါတ်ဟာ ၁၃ ဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ ကံဆိုးစေတဲ့ နံပါတ်ဟာ (၄) ဖြစ်ပါတယ်။ တရုတ်စကားအရ သေဆုံးခြင်းနဲ့ နံပါတ် (၄) ဟာ အသံထွက်ပုံ တူညီတာကြောင့် အဆောက်အဦတချို့က ဓာတ်လှေကားတွေမှာ နံပါတ် (၄) ကို ထည့်သွင်းအသုံးပြုခြင်းကို ရှောင်လေ့ ရှိကြပါတယ်။
(၃) အဖြူရောင်ဟာ ဝမ်းနည်းခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်
ကမ္ဘာအနှံ့က အသုဘ အခမ်းအနားတွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အမည်းရောင်ကို ဝတ်ဆင်လေ့ ရှိကြပေမယ့် တရုတ်နိုင်ငံမှာတော့ အဖြူရောင်ကို ဝတ်ဆင်ကြပါတယ်။ အသုဘအခမ်းအနားကို တက်ရောက်တဲ့ သူတွေရော၊ အိမ်ရှင်တွေကပါ အဖြူရောင်ကိုသာ ဝတ်ဆင်ကြပြီး အဖြူရောင်ပန်းတွေနဲ့ အဖြူရောင်စာအိတ်တွေကိုသာ အသုံးပြုကြပါတယ်။
(၄) အနီရောင်ဟာ ကံကောင်းစေတဲ့ အရောင်ဖြစ်တယ်
မင်္ဂလာဆောင်၊ ဂုဏ်ပြုပွဲနဲ့ မွေးနေ့ပွဲတွေမှာ ပိုက်ဆံပေးတဲ့ အခါ အနီရောင်စာအိတ်ကို အသုံးပြုပြီး ပေးလေ့ရှိကြပါတယ်။ အနီရောင်ဟာ တရုတ်ရိုးရာမှာ ကံကောင်းစေတဲ့ သင်္ကေတဖြစ်ပြီး အနီရောင်အသုံးပြုခြင်းကြောင့် မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူးလို့ ယုံကြည်ကြပါတယ်။
ယနေ့ခေတ်မှာ လူကိုယ်တိုင် မတွေ့ဘဲ Online က လွှဲပေးတဲ့ လက်ဆောင်တွေမှာတောင် အနီရောင်ပုံစံ စာအိတ်ကိုသာ အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။
(၅) တူကို ဂုဏ်ယူစွာ အသုံးပြုတယ်
နိုင်ငံတကာမှာ အစားစားသောက်တဲ့ အချိန်အသုံးပြုစရာ ဇွန်း၊ ခက်ရင်း၊ ဓား စတဲ့ ပစ္စည်းမျိုးစုံကို သုံးကြပေမယ့် တရုတ်တွေကတော့ တူကိုသာ အသုံးပြုပါတယ်။ ကလေးသူငယ်များကိုလည်း ငယ်စဉ်တည်းက တူကိုင်တတ်အောင် သင်ကြားထားတဲ့အပြင် တူတစုံရဲ့ အရေးပါမှုနဲ့ ရာဇဝင်တွေကိုပါ သေချာသင်ကြားထားပေးပါတယ်။
တူဟာ တရုတ်လူမျိုးတွေရဲ့ ဂုဏ်ယူစရာ အသုံးအဆောင်အဖြစ် ယနေ့ခေတ်ထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
Ref ; mmn.com