အားလပ်ရက်တွေမှာ နိုင်ငံခြားကို သွားရောက် လည်ပတ်တဲ့အခါ ဒေသန္တာရ ဗဟုသုတတွေ ရသလို အဲဒီနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာတွေပါ သိရှိရပါတယ်။ အကယ်လို့ သင်က နိုင်ငံရပ်ခြား တခုခုကို ခရီးထွက်ဖို့ စိတ်ကူးထားရင် အဲဒီနိုင်ငံမှာ လိုက်နာရမယ့် စည်းကမ်းတွေလည်း သိထားသင့်ပါတယ်။
နိုင်ငံတချို့ရဲ့ စည်းကမ်းတွေဟာ သင် ထင်မထားလောက်အောင် ထူးဆန်းလို့ ကမ္ဘာအနှံ့က ထူးခြားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) လမ်းမှာ ထိုင်ခြင်း (အီတလီ)
အီတလီနိုင်ငံ ဗင်းနစ်မြို့ဟာ လည်ပတ်စရာ အလွန်များပါတယ်။ ကမ္ဘာကျော် တူးမြောင်းတွေထဲကို လှေနဲ့ လည်ပတ်ရတဲ့ ခရီးစဉ်ဟာ သင့်အတွက် စိတ်လှုပ်ရှားစရာပါ။ မရောက်ဖူးတဲ့ ဒေသတခုကို ရောက်ရင် အဲဒီမြို့မှာ လမ်းလျှောက် လည်ပတ်လေ့ ရှိကြပါတယ်။
သင်လည်း သိတဲ့ အတိုင်းပါပဲ။ လည်ရင်းပတ်ရင်း ခြေထောက် ညောင်းရင် ခဏတဖြုတ်
နားဖို့ ကြုံတဲ့ နေရာမှာ ထိုင်နားတတ်ကြတာ သဘာဝပါ။ ဒါပေမဲ့ ဗင်းနစ်မြို့ကို အလည်ရောက်ရင်တော့ လမ်းဘေးမှာ ထိုင်ဖို့ကို မတွေးပါနဲ့။ ဒေသခံရဲတွေက သင့်ကို ချက်ချင်းလာဖမ်းပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဒီမြို့ဟာ လူဦးရေ အလွန်ထူထပ်တာကြောင့် ဖြစ်ပါတယ်။
သင် လမ်းလျှောက်ရင်း မောပန်းရင် အနားယူဖို့ ကော်ဖီဆိုင်တွေ ရှိတာကြောင့် လူသွားလမ်းကို ပိတ်တာမျိုး မဖြစ်အောင် ထိုင်ခွင့်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ ထိုင်မိရင် ကောက်ခံရမယ့် ဒဏ်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ဖြစ်ပါတယ်။
(၂) အမှိုက်ပစ်ခြင်း (ဟောင်ကောင်)
စင်ကာပူမှာလိုပဲ ဟောင်ကောင်မှာလည်း အမှိုက်ပစ်ခွင့် မရှိပါဘူး။ ကြုံရာမှာ အမှိုက်ကို ပစ်ချတတ်တဲ့ အကျင့်ရှိသူ ဆိုရင်တော့ ဒဏ်ငွေက အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြစ်ပါတယ်။ ဟောင်ကောင်က လမ်းတွေမှာ အမှိုက်လုံးဝ ကျခွင့် မရှိတာပါ။ တောင်းစားတဲ့ သူတွေတောင်မှ အမှိုက်ချခွင့် မရှိပါဘူး။
အမှိုက်ကို သိရက်နဲ့ ဖြစ်စေ၊ မသိလို့ပဲ ဖြစ်စေ လမ်းပေါ်ကို ချတာနဲ့ ဒဏ်ငွေ ချက်ချင်းကောက်ခံရမှာ ဖြစ်ပြီး ဒီဥပဒေရှိမှန်း မသိလို့ပါ ဆိုတဲ့ ဆင်ခြေကိုလည်း ပေးခွင့် မရှိဘူးလို့ ဟောင်ကောင် အစိုးရက သတ်မှတ်ထားပါတယ်။
(၃) ကားမောင်းရင်း အစားစားခြင်း (အင်္ဂလန်)
အလုပ်နောက်ကျလို့ အပြေးအလွှားသွားရသူတွေ တော်တော်များများလုပ်လေ့ရှိတဲ့ အကျင့်တခုပါ။ ဒါပေမယ့် ဒီအပြုအမူကို အင်္ဂလန်နိုင်ငံမှာ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံမှာ အစားစားရင်း ကားမောင်းမယ် ဆိုရင်တော့ ဒဏ်ငွေ ၁၂၈ အမေရိကန်ဒေါ်လာ ကောက်ခံရမှာ ဖြစ်ပြီး သင့်ရဲ့ ကားမောင်နှင်မှု မှတ်တမ်းမှာလည်း စာရင်းသွင်းခြင်း ခံရမှာ ဖြစ်ပါတယ်။
(၄) ဆီကုန်လျှင် ကားမရပ်ရ (ဂျာမနီ)
ဂျာမနီနိုင်ငံမှာ သတ်မှတ်ထားတဲ့ ယာဉ်မောင်းနှင်နှုန်းဟာ တနာရီ မိုင် ၈၀ ဖြစ်ပြီး တချို့နေရာတွေမှာဆို ကန့်သတ်ထားခြင်းတောင် မရှိပါဘူး။ ဒီလို ကိုယ်ကြိုက်တဲ့ အမြန်နှုန်းနဲ့ မောင်းနှင်ခွင့် ပေးထားတဲ့ အတွက် သင့်ဖက်က လိုက်နာရမယ့် စည်းကမ်းကတော့ ဆီအမြဲ ရှိနေဖို့ပါပဲ။ ဆီကုန်လို့ ကားထိုးရပ်ခြင်းဟာ တရားမဝင်တာကြောင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၀ ကောက်ခံတယ်လို့ သိရပါတယ်။
(၅) ဘားမှာ အရက်မူးခွင့် မရှိ (အလက်စကာ)
အမေရိကန်နိုင်ငံရဲ့ မြို့တိုင်းနီးပါးမှာ ထူးခြားတဲ့ စည်းကမ်းတွေ ရှိတတ်ပါတယ်။ အလက်စကာမြို့က ထူးခြားတဲ့ စည်းကမ်းတခုကတော့ ဘားမှာ အရက်မူးခွင့် မရှိတာပါ။ မူးချင်လို့ ဘားမှာ သွားထိုင်တယ် ဆိုတာ မှန်ပေမယ့် မူးသွားအောင် သောက်ခွင့် မရှိပါဘူး။ အရက်ကို ဘားမှာ ထိုင်ပြီး မူးအောင်သောက်ရင် ဖမ်းတယ်လို့ သိရပါတယ်။
Ref ; RD.comင