ကမ္ဘောဒီးယားနိုင်ငံက ဘာသာစကားအများကြီး ပြောတတ်တဲ့ ကလေးငယ်ရဲ့ ဗီဒီယိုဟာ အင်တာနက် အသုံးပြုသူတွေကြား ရေပန်းစားခဲ့ပါတယ်။ သူ့နာမည်က Salik ဖြစ်ပြီး အသက် ၁၄ နှစ် ရှိပါပြီ။
သူနဲ့သိတဲ့ ခရီးသည်တိုင်းက သူ့ရဲ့ဘာသာစကား ကျွမ်းကျင်မှုှုကို အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် သဘောကျနေပါတယ်။ သူဟာ ဘာသာစကား ၁၅ မျိုးလောက်ကို ပြောတတ်တယ်လို့ သိရပါတယ်။
အရင်က လူတွေ သတိမထားမိကြပေမယ့် မလေးရှား ခရီးသွားတယောက် တင်လိုက်တဲ့ ဗီဒီယိုကြောင့် သူဟာ အင်တာနက် အသုံးပြုသူတွေကြား ရေပန်းစားလာပါတယ်။ ဗီဒီယိုထဲမှာသူဟာ အန်ကောဝပ် ဘုရားကျောင်းမှာ ခရီးသည် အမျိုးသမီးကို သူ့ရဲ့ အမှတ်တရလက်ဆောင်ပစ္စည်း ဝယ်ချင်လာအောင် ဘာသာစကားမျိုးစုံနဲ့ ရောင်းနေတဲ့ပုံပါ။
ဒီလို နာမည်ကြီးလာပြီးတဲ့ နောက်မှာတော့ ပြည်တွင်းရုပ်သံတွေမှာ သူ့ရဲ့ဘာသာစကားကျွမ်းကျင်မှုကို လာရောက်တင်ဆက်ဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိလာခဲ့ပါတယ်။
Salik ရဲ့မိခင်နဲ့ ညီငယ်ဟာလည်း အရှေ့တောင်အာရှကို ခရီးထွက်ဖို့အတွက် Passport တွေ ပြင်ဆင်နေရပြီဖြစ်ပါတယ်။ အခုလို နာမည်ကြီးလာရတာနဲ့ ပတ်သက်ပြီး Salik ကတော့ မထင်မှတ်ထားပုံပါပဲ။
“ကျနော်က ဘုရားကျောင်းကို လာလည်တဲ့ ခရီးသည် အမျိုးသမီးကိုတွေ့တော့ သူ့ကို အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမတော့ သူကကလေးတွေဆီကနေ ဈေးမဝယ်ချင်ဘူးလို့ ထိုင်းလိုပြောတယ်။ ကျနော်လည်း ထိုင်းလိုပြန်ပြောတော့ သူက တရုတ်လို ပြန်ပြောတယ်”
“ပြီးတော့ စပိန်၊ ဂျာမန်နဲ့ အင်္ဂလိပ် စကားတွေနဲ့ ဆက်ပြောဖြစ်ခဲ့တယ်။ သူဗီဒီယို ရိုက်နေမှန်းတောင် မသိဘူး။ Tuk Tuk မောင်းတဲ့သူက ပြောတော့မှ ကျနော် Facebook မှာနာမည်ကြီးနေမှန်း သိရတယ်” လို့ သူက South China Morning ကို ပြောပါတယ်။
အခုတော့ သူဟာတရုတ်ပြည်က ရုပ်သံအစီအစဉ်မှ ာတင်ဆက်ဖို့ ကမ်းလှမ်းခြင်း ခံရသလို ကမ္ဘောဒီးယားက အမည်မဖော်လိုသူ သူဌေးတယောက်က Salik နဲ့ ညီဖြစ်သူကို ဖနွမ်းပင်မှာ ကျောင်းဆက်တက်ဖို့ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
Salik က ဘာသာစကားတွေကို ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူတယ်လို့ ပြောပြပါတယ်။ သူဟာ ကျောင်းမှာ အင်္ဂလိပ်စာ သင်ယူသလို နာမည်ကြီးဘုရားကျောင်းကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကတဆင့် ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ရုရှား၊ တရုတ်မန်ဒရင်း၊ ထိုင်းနဲ့ စပိန်ဘာသာစကားတွေ လေ့လာပါတယ်။
Salik ရဲ့မိခင်ကတော့ “သူ ဒီလိုနာမည်ကြီးလာတာကို ယုံတောင် မယုံနိုင်ပါဘူး။ ကျမရဲ့ သားတွေက တော်ကြပါတယ်။ Salik ဟာ မနက်မှာ ကျောင်းတက်ပြီး နေ့လယ်ပိုင်းလောက်ကစပြီး အမှတ်တရ ပစ္စည်းတွေကို ရောင်းပါတယ်။ သူဟာ ဒီအလုပ်ကို ၁၀ နှစ်ကတည်းက လုပ်လာတာပါ”
“သူ့အတွက် ကျမ ဂုဏ်ယူပါတယ်။ သူဘာသာစကား ၁၅ မျိုးပြောတတ်မှန်းတောင် မသိပါဘူး။ မိသားစုအကြွေးတွေ များနေတာကြောင့်ကလေးတွေ ပညာရေးအပေါ် အားမပေးနိုင်တာ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။ အခုတော့ တိုးဂိုက်ဖြစ်ချင်တဲ့ Salik ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
Ref; www.scmp.com