ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေထဲကမှ အလုံခြုံဆုံးနိုင်ငံကို ပြပါဆိုရင် Iceland နိုင်ငံကို ပြရမှာပါ။ တနိုင်ငံလုံး ပေါင်းလို့မှ လူဦးရေက ၃ သိန်းခွဲတောင် မရှိပါဘူး။ နောက်ပြီး Iceland နိုင်ငံမှာ အမြဲတမ်း စစ်တပ်ရယ်လို့ မရှိပါဘူး။
ဝေဟင် လုံခြုံရေးအတွက်တော့ အပျော်တမ်း စစ်မှုထမ်းသူတွေက အလှည့်ကျ စောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း Iceland နိုင်ငံက စစ်ဖြစ်ဖို့ အလားအလာ အင်မတန် နည်းပါတယ်။ ရဲတပ်ဖွဲ့ ရှိပေမယ့် လက်နက်ကိုင်တာ မရှိသလောက်ပါပဲ။
ဒီနိုင်ငံမှာ ပြစ်မှုကျူးလွန်သူ အရေအတွက်ကလည်း လူ ၁ သိန်းမှာမှ ၁ ဒဿမ ၈ ရာခိုင် နှုန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း Iceland နိုင်ငံဟာ တခြားနိုင်ငံတွေ ထက်စာရင် အကြမ်းဖက် တိုက်ခိုက်ခံရတာ အနည်းဆုံးနိုင်ငံ တနိုင်ငံလို့ ဆိုနိုင်ပါတယ်။
Iceland ရဲ့ မြို့တော်က Reykjavik ဖြစ်ပြီး အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ Iceland နိုင်ငံမှာ လှတဲ့နေရာတွေ အများကြီး ရှိပါတယ်။ မတ်လနဲ့ စက်တင်ဘာလမှာ နေက အီကွေတာကို ဖြတ်နေတဲ့အချိန် ဖြစ်တဲ့အတွက် နေ့နဲ့ ညဟာ တခြားနိုင်ငံတွေထက် အချိန် ပိုရှည်ကြာပါတယ်။ တကယ်လို့ Iceland ကို ဒီဇင်ဘာမှာ သွားမယ်ဆိုရင်တော့ အချိန် နာရီ ၂၀ လောက်က မှောင်နေမှာ ဖြစ်ပါတယ်။
Iceland ကို အလည်သွားသင့်တဲ့ အချိန်ကတော့ နွေရာသီပါပဲ။ ညလယ်ခေါင်မှာ ထွက်တဲ့ နေကို ကြည့်ရတာဟာ တခြား ဘာနဲ့မှ မတူပါဘူး။ ဒီအချက်ဟာ Iceland ကို မမေ့နိုင်တော့မယ့် အချက်ပဲ ဖြစ်ပါတယ်။
Iceland နိုင်ငံက ခရစ္စမတ်နေ့ကိုလည်း တခြားနိုင်ငံတွေလိုပဲ ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။ ဒီလို အားလပ်ရက်မှာတော့ အဲဒီအနီးအနား တဝိုက်က လူတွေဟာ မြို့တော်ဖြစ်တဲ့ Reykjavik ကို လာလေ့ ရှိကြပါတယ်။
ခရစ္စမတ် အားလပ်ရက်စပြီ ဆိုတာနဲ့ Austurvollur Parliament Square မှာ ခရစ္စမတ် သစ်ပင်ကို လျှပ်စစ်မီးလုံးတွေနဲ့ အလှဆင်ထားလိုက်ကြပါတယ်။ မြို့ဧရိယာ အနှံ့မှာ ရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦတွေမှာလည်း ခရစ္စမတ် သစ်ပင်တွေကို စိုက်ထားကြပါတယ်။
ဒီနိုင်ငံရဲ့ ခရစ္စမတ် လက်ဆောင်ကတော့ စာအုပ်ပါ။ Iceland နိုင်ငံသားတွေဟာ တဦးနဲ့ တဦး ခရစ္စမတ် လက်ဆောင်အဖြစ် စာအုပ်တွေကို ပေးလေ့ ရှိကြပါတယ်။ ဒါက ရိုးရာအစဉ်အလာတခု ဖြစ်ပါတယ်။ Iceland နိုင်ငံသားတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ စာအုပ်ပွဲတော်တွေကို ကျင်းပလေ့ ရှိပါတယ်။ ဒါကြောင့်လည်း UNESCO ကပေးတဲ့ “City of Literature” ဆုကို Iceland နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Reykjavik မြို့က ရရှိခဲ့ပါတယ်။
Iceland ကိုရောက်ရင် Mosfellsdalur တောင်ကြားနားက ဝတ္ထုရေးဆရာဖြစ်တဲ့ Halldor Laxness ရဲ့နေအိမ်ကို သွားလေ့လာ နိုင်ပါတယ်။ အဲဒီ စာရေးဆရာနေအိမ်ဟာ အခုတော့ ပြတိုက် ဖြစ်နေပါပြီ။ Iceland မှာ နောက်ထပ် စိတ်လှုပ်ရှားစရာတွေကတော့ Book Café တွေမှာ ကော်ဖီနွေးနွေး သောက်ရင်း ဒေသခံ စာရေးစရာတွေနဲ့ စကားလက်ဆုံ ကျနိုင်တာပါပဲ။ ။
Ref : icelandnaturally