လူမျိုးအသီးသီးမှာ သူ့ယုံကြည်မှုနဲ့သူ ရှိကြပါတယ်။ အထူးသဖြင့် အာရှက လူတွေမှာ ယုံကြည်မှုတွေက သူ့ဒေသအလျောက် ကွဲပြားမှုတွေ ရှိပါတယ်။ ဂျပန်နိုင်ငံက လူတွေလည်း ယုံကြည်မှု အသီးသီးနဲ့ပါ။
နှစ်သစ်ကူးပြီးသွားတာနဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ပွဲတော်ကတော့ “Toka Ebisu” ဆိုတဲ့ ပွဲတော်ပါ။ ဒီပွဲတော်ကတော့ ရှင်တို ဘာသာရေးပွဲတော်ဖြစ်ပြီး လူတွေ အလေးအမြတ်ထားကြတဲ့ ပွဲတော်တခုလည်း ဖြစ်တယ်။ ဒီပွဲကို “ဝါးရောင်းပွဲတော်”လို့ ပြောရင်လည်း ရပါတယ်။ ပိုက်ဆံရှိတဲ့လူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဓိက လုပ်ပေးတဲ့ ပွဲတော်တမျိုးလည်း ဖြစ်ပါတယ်။
ဂျပန်စီးပွားရေး လုပ်ငန်းရှင်တချို့ကတော့ ဒီပွဲတော်မှာ ရောင်းပေးတဲ့ ဝါး အကိုင်းအခက်တွေက ကံကောင်းခြင်းရဲ့ သင်္ကေတပဲလို့ ယုံကြည်ကြတယ်။ “Fukusasa” လို့လည်း ခေါ်တဲ့ ဒီဝါးညွှန့်တွေဟာ အလေးအမြတ် ထားအပ်တဲ့ ပစ္စည်းတမျိုးပါ။ ဒီပွဲတော်ကိုတော့ နှစ်စဉ် ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပလေ့ ရှိပါတယ်။
အိုဆာကာ၊ ကျိုတိုနဲ့ ဖူကူအိုက မြို့တွေမှာ အဓိက ကျင်းပလေ့ ရှိပြီး ဒီ ရှင်တိုဘာသာရေးပွဲတော်ကို Edo ခေတ်ဖြစ်တဲ့ ၁၇ ရာစု လောက်ကတည်း ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ တကယ့် အခမ်းအနားကိုတော့ အိုဆာကာမြို့မှာ ကျင်းပပြီး လူပေါင်း ၁ သန်းလောက် လာလေ့ ရှိပါတယ်။
အိုဆာကာမြို့ဟာ စီးပွားရေးမြို့တော်ပါ။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ အိုဆာကာမှာ ခြေချင်း လိမ်နေတတ်ကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးကျင်းပရာမြို့လည်း ဖြစ်ပါတယ်။ Ebisu ဟာ ရှင်တိုဘာသာရေးအရတော့ နတ်မင်းကြီးတပါးပါပဲ။ ရှင်တိုဘာသာရေးမှာ အဓိက နတ်မင်းကြီး ၇ ပါးရှိတဲ့အနက်က Ebisu နတ်ဟာ ကံကောင်းခြင်းနဲ့ တံငါသည်တွေကို စောင့်ရှောက်တဲ့ နတ်ဖြစ်တယ်လို့ ရှင်တိုဘာသာဝင်တွေက ယုံကြည်လေ့ ရှိကြပါတယ်။
Ebisu နတ်မင်းဟာ ဂျပန်တွေ ဖန်တီးထားတဲ့ ဒေသခံနတ်မင်းဖြစ်ပြီး ကျန်တဲ့ နတ်မင်းတွေတော့ တရုတ်နဲ့ အိန္ဒိယကနေ မိတ္တူကူးထားတဲ့ နတ်တွေ ဖြစ်ပါတယ်။ ဒီပွဲတော် အခမ်းအနားမှာတော့ ဂျပန်ရိုးရာဂီတ၊ မီးအိမ်ထွန်းပွဲတော်နဲ့ ဂေးရှားမယ်တွေရဲ့ အကပဒေသာတွေလည်း ပါဝင်ပါသေးတယ်။ ဒီအမျိုးသမီးတွေဟာ ၁၇ ရာစု ၊ Edo ခေတ်အဝတ် အစားတွေနဲ့ ပရိတ်သတ်ကို ဖျော်ဖြေပေးရတာပါ။
နောက်ထပ်ကတော့ Miko အဖွဲ့ပါ။ ဒီအဖွဲ့ကိုတော့ အပျိုစင်လေးတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပြီး သူတို့တွေဟာ ရှင်တိုဘာသာရေး အခမ်းအနားရဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။ သူတို့တွေ ဖန်တီးထားတဲ့ ဝါးညွှန့်တွေကို ကံကောင်းခြင်းသင်္ကေတ ပစ္စည်းတခု အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝယ်ကြရတာပဲ ဖြစ်ပါတယ်။ ။
Ref : Japan – talk