Lascaux ဂူဟာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ ဂူတဂူပါ။ Dordogne ဒေသက Montignac ရွာနားမှာ တည်ရှိပါတယ်။ ဒီဂူဟာ ကျောက်ခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂူတဂူ ဖြစ်ပြီး ဒီဂူထဲမှာတော့ ကျောက်ခေတ်လူတွေရေးဆွဲထားတဲ့ နံရံပန်းချီပေါင်း ၆၀၀၀ နီးပါးလောက် ရှိပါတယ်။
ဂူတွင်းနံရံတွေမှာ ဆွဲထားတဲ့ပုံတွေကတော့ တိရစ္ဆာန်ပုံတွေဖြစ်ပြီး အများစုကတော့ မြင်းပုံတွေပါ။ တခြားပုံတွေ အနေနဲ့ကတော့ သမင်၊ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ နွားရိုင်း တမျိုး၊ တောင်ဆိတ်၊ ကျွဲနဲ့ ကြောင်လို အကောင်မျိုးတွေကိုလည်း တွေ့နိုင်ပါသေးတယ်။
ဒါ့အပြင် ပုံစံတူ ထုလုပ်ထားတဲ့ အရုပ်ပေါင်း ၁၄၀၀ လောက်ကိုလည်း တွေ့နိုင်ပါသေးတယ်။ ဒီလက်ရာတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၇၀၀၀ လောက်ကြာပြီလို့လည်း ခန့်မှန်းထားကြပါတယ်။ Lascaux ဂူဟာ ၁၉၇၉ ခုနှစ်မှာတော့ UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒီဂူကို Marcel Ravidat ဆိုသူက ၁၉၄၀ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ သူဟာ ၁၈ နှစ်သားပဲ ရှိသေးတယ်။ (Marcel Ravidat ဟာ ၁၉၉၅ခုနှစ် မှာ ကွယ်လွန်ပါတယ်) သူနဲ့အတူ သူ့သူငယ်ချင်း ၃ ယောက်လည်း ပါသေးတယ်။
ကျင်းထဲ ပြုတ်ကျသွားတဲ့ သူတို့ခွေးကို ရှာရင်း အဲဒီဂူကို တွေ့ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှာတော့ လူတွေလေ့လာနိုင်အောင် လည်ပတ်ခွင့် ပြုခဲ့ပေမယ့် ၁၉၆၃ ခုနှစ်မှာတော့ လည်ပတ်ခွင့် မရတော့ဘူး။
ပိတ်ပင်ရတဲ့အကြောင်းကတော့ နေ့စဉ် လူပေါင်း ၁၂၀၀၀ လောက် အလည်လာနေကြတဲ့အခါ ဂူတွင်းနံရံကပုံတွေ ပျက်စီးလာတဲ့အတွက်ကြောင့်ဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အပူချိန်၊ ဂူတွင်းစိုထိုင်းဆနဲ့ တခြား အကြောင်းအရာတွေကြောင့်လည်း ဖြစ်တယ်။
မူရင်းဂူကို လူတွေ မလေ့လာနိုင်တဲ့အတွက် Lascaux II ကို အဲဒီပတ်ဝန်းကျင်နားမှာပဲ ၁၉၈၃ ခုနှစ်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပုံပေါင်း ၆၀၀၀ နီးပါး ရှိတဲ့ ဒီဂူကို အုပ်စု ၃ စု ခွဲခြားပေးထားပါတယ်။ လူပုံ၊ တိရစ္ဆာန်ပုံနဲ့ ဒြပ်မဲ့သင်္ကေတ ဆိုပြီး ခွဲပေးထားပါတယ်။
ဒီဂူထဲကနေ နံရံ ပန်းချီကားတွေအပြင် ကျောက်ခေတ် လူသားတွေအနေနဲ့ ပန်းချီဆွဲရာမှာ သုံးတဲ့ကိရိယာ တန်ဆာပလာတွေကိုလည်း တွေ့ခဲ့ကြပါတယ်။ အများစုကတော့ ကျောက်ခေတ် လူသားတွေ အသုံးများတဲ့ မီးခတ်ကျောက်ပါပဲ။ အဲဒီထဲက တချို့ဟာ နံရံတွေပေါ်မှာ ပန်းချီဆွဲတဲ့အခါ သုံးဖို့ သေသေချာချာလုပ်ထားတဲ့ ကိရိယာတွေလို့ သိရပါတယ်။ အရိုးနဲ့ လုပ်ထားတာတွေလည်း အခုထက်ထိ ရှိနေပါသေးတယ်။
ပန်းချီဆေးအနေနဲ့ကတော့ သမင်အကြီးစားတွေဆီက ရတဲ့အဆီတွေကို ရေနဲ့ရောပြီး သုံးလေ့ရှိတာ တွေ့ရပြီး သမင်ဦးချိုကိုတော့ ဆေးနယ်တဲ့အခါတွေမှာ သုံးလေ့ ရှိကြပါတယ်။ မူလဂူကိုတော့ ၁၉၈၃ ခုနှစ်ကတည်းက လည်ပတ်ခွင့် ပိတ်လိုက်ပြီဖြစ်တဲ့အတွက် ကော်ပီ ပြန်ကူးထားတဲ့ ဂူကိုသာ လူတွေ လေ့လာလို့ ရပါတော့တယ်။ “Great Hall of the bulls” လို့ နာမည်ပေးထားတဲ့ ကော်ပီဂူဟာ မူရင်းဂူရဲ့ ၂၀၀ ကီလိုမီတာအဝေးမှာ ရှိပါတယ်။