Culture

အစောဆုံးနဲ့ ပထမဆုံး ကျင်းပခဲ့တဲ့ ခရစ်စမတ်ပွဲတော်

Want create site? Find Free WordPress Themes and plugins.

ခရစ်စမတ်ပွဲတော်ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ ခရစ်ယာန် ဘာသာဝင်တွေ ယုံကြည်ထားကြတဲ့ ယေရှုခရစ် ဖွားတော်မူတဲ့နေ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ယေရှုခရစ်ဟာ လက်ဝါးကပ်တိုင်ပေါ်မှာ လူတွေရဲ့ အပြစ်အတွက် အသက်ပေးသွားခဲ့တယ်လို့ ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်ကြသလို သေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းကိုလည်း ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်ကြပါတယ်။

အခုဆိုရင်တော့ ခရစ်စမတ်ပွဲတော်ကို ကမ္ဘာအနှံ့က ခရစ်ယာန်ဘာသာဝင်တွေကော ခရစ်ယာန်ဘာသာဝင် မဟုတ်သူတွေပါ ကျင်းပလေ့ ရှိကြပါတယ်။ ခရစ်စမတ်အချိန်ဟာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေ ပြန်လည်ဆုံတွေ့ကြတဲ့ ပွဲတပွဲလည်း ဖြစ်ပါသေးတယ်။

ခရစ်စမတ်ကို လူကြီးတွေထက် ကလေးတွေက ပိုသဘောကျကြပါတယ်။ ဘာလို့လဲ ဆိုတော့ ခရစ်စမတ် လက်ဆောင်တွေ ရလေ့ရှိတဲ့ အတွက်ကြောင့်ပါ။

ခရစ်စမတ်ကို အစောဆုံးနဲ့ ပထမဆုံး ကျင်းပခဲ့တာကတော့ ရောမဘုရင် Constantine လက်ထက်ကဖြစ်ပြီး AD ၃၃၆ ခုနှစ် ၊ ဒီဇင်ဘာ၂၅ ရက်မှာ ကျင်းပခဲ့ပါတယ်။ သူဟာ ရောမဘုရင်တွေထဲမှာ ခရစ်တော်ကို ပထမဆုံး ယုံကြည်ခဲ့တဲ့ လူတယောက်ပါ။ အဲဒီနောက်ပိုင်း နှစ်အနည်းငယ် ကြာပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ Julius I က ဒီဇင်ဘာ ၂၅ ရက်နေ့ကို ခရစ်တော်ဖွားမြင်တဲ့နေ့အဖြစ် ကြေညာခဲ့ပြီး ခရစ်စမတ်ပွဲတော်ကိုပါ ကျင်းပစေခဲ့ပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့ရောက်တိုင်း ခရစ်စမတ်ပွဲတော်ကို ကျင်းပလာခဲ့တာ ခုချိန်တိုင်အောင်ပါ။ ဒါပေမဲ့လည်း တချို့ကတော့ ဇန်နဝါရီ ၆ ရက်နေ့ ဝန်းကျင်လောက်မှာ ကျင်းပတတ်ကြပါသေးတယ်။ ကျင်းပရခြင်း အကြောင်းကတော့ ယေရှုမွေးနေ့ကို သမ္မာကျမ်းစာတွေမှာ တိတိကျကျ ဖော်ပြမထားတဲ့ အတွက်ကြောင့်ပါ။ သူတို့မှာလည်း သီးခြားသီအိုရီတွေ ရှိနေတဲ့အတွက်ကြောင့်ပါ။

အစောပိုင်း ခရစ်ယာန်တွေရဲ့ အရေးအသားတွေအရကတော့ ယေရှုခရစ်ကို မတ်လ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့လို့ ဖော်ပြထားပြီး ခရစ်စမတ်ကိုလည်း မတ်လ ၂၅ ရက်နေ့ရောက်မှသာ ကျင်းပလေ့ရှိကြပါသေးတယ်။ ရှေးက Church ကျောင်းတော်တွေကတော့ ခရစ်စမတ်ပွဲတော်ကို ဇန်နဝါရီ ၆ ၊ ၇ ရက်နေ့မှာ ကျင်းပလေ့ ရှိသလို သူငယ်တော် ယေရှုဆီ Magi တို့ လာရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ Epiphany ပွဲတော်ကိုပါ ပူးတွဲကျင်းပလေ့ရှိကြပါသေးတယ်။

အခုကျင်းနေကြတဲ့ Epiphany အခမ်းအနားတွေကလည်း သူငယ်တော် ယေရှုဆီ ပညာရှိတွေ လာရောက်ခဲ့ကြတာကို ရည်ရွယ်ပြီး ကျင်းပနေကြပါတယ်။ လူတွေရဲ့ ယုံကြည်မှုဆိုတာ အမျိုးမျိုးရှိတဲ့အတွက် ယေရှုမွေးတဲ့ ရက်စွဲနဲ့ ခရစ်စမတ် ကျင်းပရာ ကာလတွေ ကွဲပြားနေတာက ဆန်းတော့ မဆန်းပါဘူး။

အဓိကအချက်ကတော့ ရက်စွဲတွေ မဟုတ်ဘဲ ယေရှုသင်ကြားပေးခဲ့တဲ့ သင်ကြားချက်တွေသာ ဖြစ်ပါတယ်။ ဒီသင်ကြားချက်တွေကို လိုက်နာခြင်း၊ မလိုက်နာခြင်းကသာ အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ။

Ref : whychirstmas

Did you find apk for android? You can find new Free Android Games and apps.
Loading