အာဂျင်တီးနားနိုင်ငံမှာတော့ ဒီဇင်ဘာ ရာသီဥတုက နွေးနွေးထွေးထွေးဖြစ်နေတုန်းပါ။ ဒါကြောင့်လည်း ခရစ်စမတ်ပွဲတော် ကျင်းပဖို့ အချိန်ကောင်းလို့ ဆိုနိုင်ပါတယ်။
အာဂျင်တီးနားနိုင်ငံသားတွေကတော့ ခရစ်စမတ်ကို ဒီဇင်ဘာ အစောပိုင်းလောက်ကတည်းက ကြိုတင်ပြင်ဆင်နေကြပါပြီ။ တချို့ကတော့လည်း နိုဝင်ဘာလလောက်ကတည်းက ခရစ်စမတ်အတွက် ပြင်ဆင်ကြပါတယ်။
အိမ်တွေကိုလည်း မီးအလှဆင်ထားကြသလို ရွှေရောင်၊ အစိမ်းရောင်၊ အနီရောင်၊ အဖြူ ရောင်စတဲ့ ပန်းအမျိုးမျိုးတွေကို ပန်းခွေ၊ ပန်းလိပ်လုပ်ပြီး အလှဆင်တတ်ကြပါတယ်။ အနီရောင်နဲ့ အဖြူရောင် ပန်းကုံးတွေကိုတော့ အိမ်တံခါးဝမှာ အလှဆင်ထားကြပါသေးတယ်။
ခရစ်စမတ်သစ်ပင်ကတော့ အာဂျင်တီးနားရဲ့ အသည်းနှလုံးဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့ ကတည်းက အလှဆင်ထားတတ်ကြပါတယ်။ မိသားစုဝင်အချင်းချင်းနဲ့ တခြားရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို လက်ဆောင်ပေးတတ်သလို သူတို့ပေးတဲ့လက်ဆောင်တွေကို လက်ခံရယူကြတာကလည်း ခရစ်စမတ်ရဲ့ ဓလေ့တခုပါ။ ဒါကြောင့်လည်း အာဂျင်တီးနားက လူတွေဟာ ခရစ်စမတ်ရာသီရောက်ရင် အားလပ်ချိန် မရှိသလောက်ပါပဲ။
အာဂျင်တီးနားမှာတော့ လူအများစုဟာ ကက်သလစ်တွေပါ။ ဒါကြောင့် ခရစ်စမတ် ဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မရောက်ခင် ၄ ပတ် အလိုလောက်ကတည်းက ခရစ်စမတ်အခမ်းအနားတွေကို ကျင်းပနေကြပြီဖြစ်ပါတယ်။
၄ ပတ်လောက်ကတည်းက ကြိုတင်ကျင်းပနေကြပေမယ့်လည်း တကယ့်ပွဲတော်ရက်ကတော့ ဒီဇင်ဘာ ၂၅ ရက်ပါပဲ။ နေ့လည်ပိုင်းလောက်မှာတော့ ကက်သလစ်များစွာဟာ လူထုဝတ်ပြုဆုတောင်းပွဲ ရှိရာဆီကို သွားကြပါပြီ။
အဓိကစားသောက်ပွဲအခမ်းအနားကိုလည်း ဒီဇင်ဘာ ၂၅ ရက်နေ့ရောက်မှသာ ကျင်းပလေ့ ရှိပြီး ည ၁၀ နာရီ နဲ့ ၁၁ နာရီကြားမှာ ပုံမှန်ကျင်းပလေ့ ရှိကြပါတယ်။ စားသောက်ပွဲအတွက်ကတော့ ကြက်ဆင်သားကင် ၊ ဝက်သားကင် နဲ့ ဆိတ်သားကင်တွေဖြစ်ပြီး ခရမ်းချဉ်သီး ၊ ဆလပ်ရွက် ၊ တခြားအရွက်တမျိုးမျိုးနဲ့ လုပ်ထားတဲ့ Sandwiches တွေပါ။
တူနာငါးနဲ့လုပ်တဲ့ Sandwiches ကတော့ မပါမဖြစ်တဲ့ အစားအစာတခုဖြစ်ပါတယ်။ လူတွေကတော့ ခရစ်စမတ်အစနေ့တွေကတည်းက ခရစ်စမတ်အတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ ပေါင်မုန့်မီးကင်ကို ပိုခံတွင်းတွေ့ ကြပါတယ်။
ညဉ့်သန်းခေါင်လောက်ရောက်လာရင်တော့ ဓမ္မသီချင်းတွေ သံပြိုင်ကျူးရင်း မီးရှူး မီးပန်း တွေ ပစ်ဖောက်ကြပါတယ်။ ဘယ်မှမလည်ဘဲ အိမ်မှာ နေသူတွေအဖို့ကတော့ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီးတာနဲ့ နောက်ထပ်လုပ်စရာတခု ကျန်ပါသေးတယ်။ အဲ့ဒါကတော့ သစ်ပင်အောက်မှာ အေးအေးလူလူ ထိုင်ပြီး ခရစ်စမတ်လက်ဆောင်ကို ဖွင့်ဖောက်ကြဖို့ပါ။ လူအများစုကတော့ ဒီလိုညတွေကို ပါတီတက်ရင်း နိုက်ကလပ်တွေသွားရင်း ကုန်ဆုံးသွားကြပါတယ်။
ခရစ်စမတ်ညမှာ အာဂျင်တီးနားရဲ့ ရိုးရာတခုလိုဖြစ်နေတဲ့ နောက်ထပ် ပွဲတပွဲကတော့ မိုးပျံ ပူဖောင်းတွေကို ညဉ့်နက်နက် ကောင်းကင်ဆီ လွှတ်တင်တတ်ကြတာပါပဲ။ ဒီလိုညမျိုးတွေမှာတော့ ကောင်းကင်ကိုကြည့်ရင် ကောင်းကင်တခွင်လုံးက ခရစ်စမတ် ပူဖောင်းတွေနဲ့ ပြည့်နေတာကို တွေ့ရပါလိမ့်မယ်။
တချို့တွေကတော့ ခရစ်စမတ်ညကို မိသားစုဝင်တွေနဲ့ စကားပြောရင်း သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကုန်ဆုံးလိုက်ကြပါတယ်။ တချို့တွေကတော့ ခရစ်စမတ်ပြီးလို့ နောက်တရက် ရောက်ရင်လည်း မနက်ပိုင်းကျင်းပတဲ့ လူထုဝတ်ပြုဆုတောင်းပွဲနဲ့ နေ့လည်ပိုင်းလောက်မှာ ကျင်းပတဲ့ လူထုဝတ်ပြုဆုတောင်း ပွဲတွေဆီကို နောက်ထပ် သွားကြပါသေးတယ်။
အဲဒီနောက်မှာတော့ ခရစ်စမတ်တုန်းက မကုန်ခဲ့တဲ့ အရသာရှိတဲ့ အစားအသောက် အကျန်တွေကို ထပ်မံ စားသောက်ကြပြန်ပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ အဓိကပြောတဲ့ ဘာသာစကားကတော့ စပိန်စကားပါ။ သူတို့ စကားနဲ့ဆို “Marry Christmas” ကို “Feliz Navidad” လို့ ပြောကြပါတယ်။
Ref : whychrismas