ဂျိန်းဘာသာဝင်တွေ ဝတ်ပြုရာဖြစ်တဲ့ ဂျိန်းဘုရားကျောင်းဟာ ရန်ကုန်မြို့၊ ၂၉ လမ်းမှာ တည်ရှိပြီး ၁၉၁၄ ခုနှစ်လောက်က တည်ဆောက်ခဲ့ပါတယ်။ ဗိသုကာ လက်ရာတွေကိုကြည့်ရင် ကိုလိုနီခတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦလို့ ခန့်မှန်းကြပါတယ်။ အပေါ်ထပ်အမိုးမှာ ခြင်္သေ့နှစ်ကောင် မတ်တပ်ရပ်နေတဲ့ပုံကို ထုလုပ်ထားပါတယ်။
ဂျိန်းဘာသာရေး ခေါင်းဆောင်ဘုန်းကြီးတွေဟာ အဝတ်အစား မဝတ်ဘဲ ကိုယ်လုံးတီးနေလေ့ ရှိကြပါတယ်။ ဂျိန်းဘာသာဝင်တွေဟာ ဂျိန်းဘုရား စုစုပေါင်း ၂၄ ဆူရှိတယ်လို့ ယူဆထားကြပြီး ဘုရားအားလုံးဟာ သံသရာဝဋ်က လွတ်ကင်းသွားကြပြီလို့ ယူဆထားကြပါတယ်။
ဂျိန်းဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ မဟာဝီရကို ဗုဒ္ဓစာပေတွေမှာတော့ “နိဂဏ္ဍနာဋပုတ္တ” လို့ ဖော်ပြလေ့ ရှိပြီး ဗုဒ္ဓစာပေတွေထဲက တိတ္ထိဆရာကြီး ၆ ဦး ထဲမှာ ဂျိန်းဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ မဟာဝီရလည်း ပါဝင်တယ်။
မဟာဝီရဟာ ဗုဒ္ဓနဲ့ခေတ်ပြိုင်ဖြစ်ပြီး ဗုဒ္ဓထက် စောစွာ တာထွက် တရားရှာခဲ့သူ တဦးလည်းဖြစ်တယ်။ မနောကံက အပြစ်ကြီးတယ်ဆိုတာကို လက်မခံဘဲ ကာယကံဒဏ်ကသာ အပြစ်အကြီးဆုံးလို့ ယူဆတယ်။ ကံဆိုတာ မရှိ ၊ ဒဏ်သာ ရှိတယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်လို့သာ သုံးလေ့ ရှိပါတယ်။ ဗုဒ္ဓစာပေတွေထဲမှာတော့ “မဟာဝီရ” (သို့မဟုတ်) “နိဂဏ္ဍနာဋပုတ္တ”ဟာ သွေးအန်သေတယ်လို့ ဖော်ပြထားပါတယ်။
ဂျိန်းဘာသာဟာ အိန္ဒိယရဲ့ရှေးအကျဆုံး ဘာသာရေးအဖွဲ့အစည်းတခုဖြစ်ပြီးတော့ ကိုးကွယ်သူပေါင်း ၅ သန်းကျော် ရှိပါတယ်။ အဟိသလမ်းစဉ်ဖြစ်တဲ့ အကြမ်းမဖက်ရေး ဝါဒကြောင့် ထင်ရှားသလို ဂျိန်းဘာသာဟာ စည်းကမ်းတွေလည်း တင်းကျပ်တယ်။
အသားမစားတဲ့ဝါဒကို ဆုပ်ကိုင်ထားပြီး ဂျိန်းဘုန်းကြီးတွေဟာ လက်နှစ်ဖက်နဲ့သာ ဆွမ်းခံစားလေ့ ရှိပါတယ်။ သွားလေရာမှာ သားမြီးယပ်တချောင်း ယူသွားလေ့ရှိပြီး မြေကြီးပေါ်မှာရှိနေတဲ့သတ္တဝါတွေမသေအောင် တံမြက်လှဲပြီးမှသာ သွားလေ့ ရှိတယ်လို့ သိရပါတယ်။
ဂျိန်းဘာသာရေးခေါင်းဆောင် မဟာဝီရ ရုပ်တုဟာ ဗုဒ္ဓသာသာဝင်တွေ ကိုးကွယ်တဲ့ ဂေါတမမြတ်စွာဘုရားနဲ့ အတော်ဆင်ပါတယ်။ အိန္ဒိယကို ဘုရားဖူးထွက်ပြီး ပြန်လာကြသူတွေဟာ ဂျိန်းဘုရားရုပ်တုကို မှားဝယ်လာလေ့ ရှိတတ်ပါတယ်။ မမှားအောင် ခွဲခြားနည်းကတော့ ဂျိန်းဘုရားဖြစ်တဲ့ မဟာဝီရရဲ့ ရင်ညွှန့်မှာ စကြာတံဆိပ် ခတ်နှိပ်ထားလေ့ ရှိတယ်လို့ သိရပါတယ်။
ကိုလိုနီ ဗြိတိသျှတွေခေတ်က ဂျိန်းဘာသာဝင်ပေါင်း ၁ သောင်းလောက် ရန်ကုန်မြို့မှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဂျိန်းဘုရားကျောင်းကို ၁၈၉၉ ခုနှစ်လောက်က တည်းက တည်ဆောက်ခဲ့ပြီး သိမ်ကြီးဈေးအပေါ်ထပ်မှာ ဂျိန်းဘုရားကျောင်း ရှိခဲ့ဖူးပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးနဲ့ ဦးနေဝင်းခေတ် ၁၉၆၂ ခုနှစ်လောက်တွေမှာ ဂျိန်းဘာသာဝင်တွေဟာ ရန်ကုန်ကို စွန့်ခွာခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဂျိန်းဘာသာဝင်တွေ မြန်မာနိုင်ငံမှာ မရှိတော့ဘူးလို့ ယူဆထားကြလို တချို့ကတော့လည်း ဂျိန်းဘာသာဝင်မိသားစု ၅ စုလောက် ရန်ကုန်မှာ ရှိနေတယ်လို့လည်း ပြောကြပါတယ်။
Ref : yangongui