စာကြည့်တိုက်ဆိုတာ အသိပညာရဲ့ ဗဟိုချက်မ ပါ။ ဒါကြောင့်လည်း လူတွေက ဘယ်ခေတ်မှာပဲဖြစ်ဖြစ် စာကြည့်တိုက်တွေကို တည်ထောင်ခဲ့ကြပါတယ်။ အခုဖော်ပြပေးလိုက်တာကတော့ ကမ္ဘာပေါ်က ရှေးအကျဆုံး စာကြည့်တိုက်တွေပဲ ဖြစ်ပါတယ်။
၁။ Al-Qarawiyyin Library
ဒီစာကြည့်တိုက်ကိုတော့ အေဒီ ၈၅၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး စာကြည့်တိုက်တတိုက်လည်း ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကိုတော့ Fatima El-Fihriyathe ဆိုတဲ့ အမျိုးသမီးတယောက်က သူ့ကိုယ်ပိုင်စာကြည့်တိုက်အနေနဲ့ တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီစာကြည့်တိုက်အပြင် တက္ကသိုလ်တခုကိုပါ သူမက တွဲဖက်တည်ဆောက်ခဲ့ပါသေးတယ်။
ဒီစာကြည့်တိုက်ဟာ Morocco နိုင်ငံအင်ပါယာထဲက Fez မြို့ မှာရှိပြီး တချိန်တုန်းကတော့ Fez ဟာ မြို့တော်ကြီး တခုဖြစ်ခဲ့ဖူးပါတယ်။ ဒီစာကြည့်တိုက်ကို တည်ထောင်သူအမျိုးသမီးဟာ စာအုပ်ပေါင်း လေးထောင်ကျော်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကိုအန်ကျမ်းစာကိုပါတွဲဖက် သင်ကြားပေးတဲ့ နေရာလည်းဖြစ်ပါတယ်။
အခုဆိုရင်တော့ Morocco ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားပြီး UNESCO က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကြေညာထားပါတယ်။
၂။ Saint Catherine’s Monastery Library
အီဂျစ်နိုင်ငံက Saint Catherine’s Monastery ကတော့ ထင်ရှားကျော်ကြားတဲ့ Mount Sinia တောင်ခြေ မှာတည်ရှိပါတယ်။ ဒီကျောင်းတော်ကြီးထဲမှာပါဝင်တဲ့စာကြည့်တိုက်ကလည်း ကမ္ဘာ့သက်တမ်း အရင့်ဆုံး စာကြည့်တိုက်ထဲပါဝင်ပါတယ်။
ဒီစာကြည့်တိုက်ကိုတော့ အေဒီ ၅၄၈ နဲ့ ၅၆၅ အကြား တည်ဆောက်ခဲ့ပါတယ်။ ဒီစာကြည့် တိုက်အပါအဝင် Saint Catherine ဘုရားရှိခိုးကျောင်းကြီးကလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းထဲပါဝင်ခဲ့ပြီး ရှေးအကျဆုံး ခရစ်ယာန်ဘုရားကျောင်းကြီးလည်း ဖြစ်ပါတယ်။
ဒီစာကြည့်တိုက်ကိုတော့ စာအုပ်ပေါင်း ၃၃၀၀ ကျော်နဲ့ စတင်ခဲ့တာဖြစ်ပြီး စာအုပ်အများစု ကတော့ ခရစ်ယာန် ဘာသာရေးနဲ့ သက်ဆိုင်တဲ့စာအုပ်တွေပဲဖြစ်ပါတယ်။ အာရဗီဘာသာ ၊ ဂရိဘာသာ တွေနဲ့ရေးထားတဲ့ စာအုပ်တွေ ရှိသလို တခြားဘာသာစကားပေါင်းစုံနဲ့ရေးထားတဲ့ စာအုပ်တွေကိုလည်း စုဆောင်းထားပါသေးတယ်။
၂၀၁၇ ခုနှစ် ၊ ဧပရယ် ၁၈ ရက်နေ့မှာတော့ ဒီကျောင်းတော်ကြီးရဲ့ အဓိကနေရာတွေကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
၃။ Imperial Library of Constantinople
နောက်ထပ် ရှေးအကျဆုံးစာကြည့်တိုက်တတိုက်ကတော့ အေဒီ ၃၃၇ နဲ့ ၃၆၁ လောက်က ဘုရင် Constantius II တည်ဆောက်ခဲ့တဲ့ စာကြည့်တိုက်ပါ။ ဂရိစာပေအရေးအသား ပိုမိုတိုးတက် ကောင်းမွန်လာဖို့ ရည်ရွယ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Constantius II ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ ဘုရင် Valens ဟာ စာကြည့်တိုက်က စာအုပ်တွေကို လက်ရေးမူတွေ ကူးယူခဲ့ပါတယ်။
ဒီလိုကူးယူနိုင်ဖို့ကိုလည်း ဂရိ လက်ရေးလှပညာရှင် ၄ ယောက်နဲ့ လက်တင် လက်ရေးလှ ပညာရှင်ကို ၃ ယောက်ကို ငှားရမ်းခဲ့ရပါတယ်။ အခုခေတ်မှာတွေ့နေရတဲ့ ဂရိဂန္ထဝင်အရေးအသားတွေဟာ Byzantine ခေတ်က အရေးအသားတွေဖြစ်ပြီး Imperial Library of Constantinople ကြီးဆီက ပြန်လည်ကူးယူထားတာပဲ ဖြစ်ပါတယ်။
ဒီစာကြည့်တိုက်ရဲ့ ထောင်ပေါင်းများစွာသောစာအုပ်တွေကတော့ မီးလောင်သွားခဲ့ရပြီး စာအုပ် အနည်းငယ်လောက်သာ အကောင်းကျန်ခဲ့ပါတယ်။ ကျန်နေတဲ့စာအုပ်တွေကိုတော့ လက်ရေးမူတွေနဲ့ ကူးယူထားခဲ့ရပါတယ်။ ဒီစာကြည့်တိုက်ဟာ ၁၂၀၄ ခုနှစ်မှာ ဖျက်ဆီးခံလိုက်ရပါတယ်။
Ref : oldest.org