Gregorian ပြက္ခဒိန်ကို အသုံးပြုကြတဲ့ နိုင်ငံအတော်များများကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ကို New Year နေ့လို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်လည်း ဥရောပတို့၊ အမေရိကားတို့မှာ အထူးတလည် ကျင်းပလေ့ရှိတဲ့ New Year ညကို အာဖရိကနိုင်ငံတွေမှာလည်း စည်စည်ကားကား ကျင်းပလာကြပါတယ်။
ဒါပေမဲ့လည်း မော်ရိုကို (Morocco) ၊ အယ်လ်ဂျီးရီးယား (Algeria) ၊ တူနီးရှား (Tunisia) လို အာဖရိကနိုင်ငံတွေမှာတော့ ဘာသာရေး အခမ်းအနားကလွဲပြီး ကျန်တဲ့ အခမ်းအနားတွကို Gregorian ပြက္ခဒိန်အတိုင်း ကျင်းပကြပေမယ့် ဘာသာရေး အခမ်းအနား ဆိုရင်တော့ အစ္စလာမ်ပြက္ခဒိန်ကိုသာ အသုံးပြုလေ့ ရှိပါတယ်။
အီသီးယိုးပီးယားနိုင်ငံဆိုရင်တော့ ဘယ်လို အခမ်းအနားကိုပဲဖြစ်ဖြစ် Gregorian ပြက္ခဒိန်ကို အသုံးမပြုဘဲ Coptic ပြက္ခဒိန်ကိုသာ အသုံးပြုပါတယ်။ ဒါကြောင့်လည်း လူအများစုလက်ခံထားကြတဲ့ ခရစ်စမတ်နေ့ကိုတောင် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မကျင်းပဘဲ ဇန်နဝါရီ ၇ ရက်နေ့ရောက်မှသာ ခရစ်စမတ်နေ့ကို ကျင်းပကြပါတယ်။
ဒီနိုင်ငံတွေမှာတော့ New Year ဆိုတာက တကမ္ဘာလုံး ကျင်းပနေကြတဲ့ ဒီဇင်ဘာ ၃၁ ရက်လိုနေ့မျိုး မဟုတ်ဘဲ သီးခြားပုံစံ၊ သီးခြားရက်စွဲ ရှိပါတယ်။ ဒါပေမဲ့လည်း Cape Town လို မြို့တွေမှာတော့ New Year ညကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပျော်ရွှင်စရာကောင်းအောင် စီစဉ်ကျင်းပလေ့ ရှိကြပါတယ်။
Cape Town လို မြို့မှာဆိုရင်တော့ New Year ညဆို ဘားတွေ တခုပြီးတခု ကူးနေနိုင်သလို ဈေးတန်းတွေ လည်ပတ်ရင်း ရှိုးပွဲတွေလည်း ကြည့်နိုင်ပါသေးတယ်။ ဒါမှမဟုတ်လည်း လမ်းတလျှောက် ဖျော်ဖြေနေတဲ့ Performance တွေကို ကြည့်နိုင်ပါတယ်။
Nigeria ရဲ့ New Year ညမှာ ဆိုရင်တော့ Quilox နိုက်ကလပ်နဲ့ Radisson Blu Anchorage ဟိုတယ်က ပျော်စရာ အကောင်းဆုံးပါပဲ။ Kenya နဲ့ Zimbabwe နိုင်ငံတွေမှာတော့ New Year ညကို ကြီးကြီးကျယ်ကျယ်ဖြစ်အောင် ကျင်းပကြလေ့ ရှိပါတယ်။
Kilifi မှာ ဆိုရင်တော့ အိမ်တွေက Alternativeနဲ့ Raggae လို သီချင်းမျိုးတွေ ဖွင့်ပြီး သီချင်းပွဲတော် ကျင်းပတတ်ကြပါတယ်။ Kilifi ဟာ Mombasa နဲ့ Malindi ကြားမှာ ရှိပါတယ်။ ဒီဇင်ဘာ ၃၀ ကနေ ဇန်နဝါရီ ၂ ရက်နေ့အထိ ကျင်းပတဲ့ Kilifi ရဲ့ နောက်ဆုံးညကိုတော့ ဒီဂျေစက်တွေ၊ သီချင်းတွေ၊ အစားအသောက်တွေ၊ သောက်စရာတွေနဲ့ပဲ ပျော်ရွှင်စွာကုန်ဆုံးကြပါတယ်။
Zimbabwe ရဲ့ Carnival ပွဲတော်ကိုတော့ သုံးရက် ကျင်းပတတ်ကြပြီး အာဖရိကရဲ့အကြီးဆုံး ဂီတပွဲလို့လည်း လူတွေကခေါ်ကြပါတယ်။ Carnival ပွဲတော်ဆိုတာကတော့ လူတွေက အဝတ်အစားဆန်းဆန်းတွေ ဝတ်ပြီး ကပြဖျော်ဖြေကြတဲ့ပွဲပါ။
အီသီယိုးပီးယားကတော့ တမူထူးခြားတဲ့ နိုင်ငံတနိုင်ငံပါပဲ။ Coptic ပြက္ခဒိန်ကိုသာ
အသုံးပြုတဲ့ အတွက်ကြောင့် သူတို့ New Year က စက်တင်ဘာ ၁၁ နေ့ကတည်းက ပြီးသွားခဲ့ပါပြီ။ Coptic New Year ကိုတော့ Enkutatash လို့ ခေါ်ပြီး နှစ်သစ်ထဲ ဝင်တော့မယ့် နောက်ဆုံး ၃ ရက်စလုံးမှာ ဘုရားကျောင်းဝေယျာဝစ္စတွေ ဆောင်ရွက်ကြပါတယ်။ သူတို့ရဲ့ New Year ညမှာဆိုရင်တော့ အိမ်ရှေ့မှာ မီးတုတ်တွေ ထွန်းထားတတ်ကြပါတယ်။
အီဂျစ်နိုင်ငံမှာဆိုရင်တော့ Gregorian ပြက္ခဒိန်ကို နိုင်ငံသုံးပြက္ခဒိန်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း အစ္စလာမ်ဘာသာ ကိုးကွယ်သူများတဲ့အတွက်ကြောင့် ဘာသာရေးအခမ်းအနားနေ့တွေကိုတော့ အစ္စလာမ်ပြက္ခဒိန်ကိုသာ အသုံးပြုကြပါတယ်။
Coptic ပြက္ခဒိန်ကို အသုံးပြုကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ New Year နေ့ကတော့ စက်တင်ဘာ ၁၁ ရက်နေ့သာဖြစ်ပြီး Nayrouz လို့ ခေါ်ကြပါတယ်။ နောက်ထပ် ထူးဆန်းတာ တချက်ကတော့ အစ္စလာမ်ဘာသာရေး ပြက္ခဒိန်အရဆို အစ္စလာမ်ဘာသာဝင်တွေရဲ့ ၂၀၁၈ New Year စက်တင်ဘာ ၁၁ ရက်နေ့ပဲ ဖြစ်ပါတယ်။
Ref : tripsavvy