အရှေ့တောင်အာရှနိုင်ငံတွေဟာ ယဉ်ကျေးမှု အစဉ်အလာ အသီးသီး ရှိကြတာနဲ့ အညီ ရိုးရာပွဲတော်တွေကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရိုးရာသြင်္ကန်ပွဲတော်ဟာဆိုရင်လည်း ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ရေသဘင်ပွဲတော်တွေပါ။
ထို့အတူ တရုတ်နှစ်သစ်ကူးပွဲတော်ကလည်း ကမ္ဘာပေါ်က ခမ်းနားတဲ့ ပွဲတော်တခုပါပဲ။ အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုရင်တော့ ရိုးရာပွဲတော်တွေဆိုတာ ဆယ့်နှစ်လရာသီ မပြတ်ပါဘူး။
အရှေ့တောင်အာရှရဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာဆိုရင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပနေတတ်တဲ့ ရှင်ပြု ၊ ရဟန်းခံပွဲတွေကို အမြဲလိုလို မြင်တွေ့နိုင်ပါတယ်။ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ အာရှနိုင်ငံတွေမှာဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အပ်နဲ့ဖောက်တဲ့ ပွဲတော်ဆိုရင်လည်း အံ့သြထိတ်လန့်စရာ ကောင်းပါတယ်။
ဒီပွဲတော်ကတော့ “Thaipusam ပွဲတော်” လို့ခေါ်တဲ့ ဟိန္ဒူရိုးရာပွဲတော်ပဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ တမီးလ်လူမျိုးတွေက ကျင်းပကြတာဖြစ်ပြီး တမီးလ်ဘာသာရေး ပြက္ခဒိန်အရ လပြည့်ညမှာ ကျင်းပလေ့ ရှိပါတယ်။ ပွဲကျင်းပရာ လပြည့်ညကတော့ များသောအားဖြင့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလလောက်မှာ ကျရောက်လေ့ ရှိပါတယ်။
ဒီပွဲတော်ကိုတော့ သန်းပေါင်းများစွာသော တမီးလ်လူမျိုးတွေ ပါဝင်ဆင်နွှဲကြပါတယ်။ ဒီပွဲတော်ဟာ ဟိန္ဒူ စစ်နတ်ဘုရားတပါးဖြစ်တဲ့ Lord Murugan ဒါမှမဟုတ် Lord Subramaniam အတွက် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ မီးနင်းပွဲတော်လို့ လူသိများကြတဲ့ ဒီပွဲတော်ကို မလေးရှားနိုင်ငံမှာဆိုရင်တော့ Kuala Lumpur ၊ Penang မြို့နဲ့ Selanjor မြို့အနီးက Batu လိုဏ်ဂူမှာ ကျင်းပလေ့ ရှိပါတယ်။
နှစ်သစ်မှာဒီပွဲတော်ကို ကျင်းပရခြင်းကတော့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကို ပြန်လည်အောင်မေ့ခြင်းဖြစ်ပြီ ကံကောင်းစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာဆိုရင် ခန္ဓာကိုယ်အနှံ့ကို အပ်စိုက်ထားပြီး မျက်နှာတွေကိုလည်း အပ်ချောင်း၊ သံချောင်းစတာတွေနဲ့ တံစို့ထိုးတတ်ကြပါတယ်။ တချို့ကတော့လည်း ခန္ဓာကိုယ်ကို ချိတ်နဲ့ချိတ်ထားပြီး ဘီးနှစ်ဘီးတပ် စစ်ရထားကို တရွတ်တိုက် ဆွဲလေ့ ရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ Aguman Sanduk ပွဲတော်ကို ဇန်နဝါရီ ၁ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်ကတော့ ယောကျ်ားလေးတွေက မိန်းကလေးတွေလို ဝတ်စား ဆင်ယင်ပြီး သရုပ်ပြကြတဲ့ပွဲပါ။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ဆိုရင်တော့ ဒီပွဲတော်ကို ကျင်းပတာ ၈၆ နှစ်ပြည့်တော့မှာ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ၊ Pampanga မှာ ဇန်နဝါရီ ၁ ရက်နေ့ရောက်တိုင်း ကျင်းပပါတယ်။
အာရှနဲ့ အရှေ့တောင်အာရှမှာဆိုရင် နှစ်သစ်ကူးပွဲတော်ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့တင် မဟုတ်ပါဘူး။ ဇန်နဝါရီမှာ ကျင်းပကြတဲ့ နိုင်ငံတွေရှိသလို တရုတ်ပြက္ခဒိန်အရ ဆိုရင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်က ဖေဖော်ဝါရီလမှာ အများအားဖြင့် ကျရောက်တတ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အတွက်ဆိုရင်တော့ ဧပြီလပေါ့။
ဒီနိုင်ငံတွေမှာတော့ ပွဲတော်တွေက ဆက်တိုက်ပါပဲ။ ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း နှစ်သစ်ကူးပွဲတော်က ဖေဖော်ဝါရီလမှာသာ ကျရောက်ပါတယ်။ Tet Nguyen Dan လို့ ခေါ်တဲ့ ဒီပွဲတော်မှာဆိုရင်တော့ အစိုးရက တရားဝင်ရုံး ၃ ရက် ပိတ်ပေးသလို အဲဒီနေ့ရက်တွေဟာ အများပြည်သူ အားလပ်ရက်တွေပါ။ Tet လို့ ခေါ်လေ့ရှိတဲ့ အဲဒီပွဲတော်ရဲ့ အနက်အဓိပ္ပါယ်ကတော့ နှစ်သစ်ရဲ့ ပထမဆုံးသော မနက်ခင်းမှာ တည်ခင်းဧည့်ခံတဲ့ စားသောက်ပွဲလို့ အဓိပ္ပါယ်ရပါတယ်။
ဒီပွဲတော်ဟာ တရုတ်နှစ်သစ်ကူး ပွဲတော်နဲ့လည်း တိုက်ဆိုင်နေတတ်ပါသးတယ်။ ဒီပွဲဟာ တရုတ်နှစ်သစ်ကူးနဲ့ ပုံစံတူပြီး ဟနွိုင်းမြို့၊ ဟိုချီမင်းမြို့နဲ့ ဗီယက်နမ်ရဲ့ အခြားမြို့တွေမှာ ကျင်းပတတ်ပါတယ်။ အဲဒီနေ့တွေမှာ ဆိုရင်တော့ ဗီယက်နမ်နိုင်ငံရဲ့ ဘယ်နေရာကိုပဲသွားသွား လမ်းမပေါ်က ပါတီပွဲတွကို တွေ့ရမှာပါ။ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ရိုးရာအိုး စည်တွေ မပြတ်တီးနေတတ်တဲ့အတွက် ဒီပွဲတော်ကို အသံများနဲ့ ဆူညံခြင်းပွဲတော်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။
မတ်လမှာဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ Wat Bang Phra ဆိုတဲ့ အရပ်မှာ ဆေးမှင်ကြောင်ထိုးပွဲ ရှိပါတယ်။ ဒီပွဲတော်ကိုတော့ မတ်လရဲ့ ပထမဆုံးသော စနေနေ့မှာ ကျင်းပကြပါတယ်။ ပွဲတော်မရောက်ခင် ညမှာတော့ ထောင်ချီတဲ့လူတွေဟာ ဘုန်းကြီးကျောင်းတွေ သွားပြီး ရဟန်းတပါးဆီမှာ “sak yant” လို့ ခေါ်တဲ့ ဆေးမှင်ကြောင် ထိုးကြပါတယ်။
ဆေးမှင်ကြောင် တပုံချင်းဆီက ငြိမ်းချမ်းမှုကို ကိုယ်စားပြုပြီး အဲဒီလိုညတွေမှာ ဘုန်းကြီးတွေဟာ မအားလပ်နိုင်အောင်ပါပဲ။နောက်နေ့ဆိုရင်တော့ ဘုန်းကြီးတွေက ဆုတောင်းမေတ္တာပို့ပေးပါတယ်။ ဘုန်ကြီးတွေ ထိုးပေးတဲ့ ဒီဆေးမှင်ကြောင်တွေဟာ မကောင်းဆိုးဝါးတွေကို ကာကွယ်နိုင်ဖို့ စွမ်းအားနဲ့ ကံကောင်းခြင်းကိုပေးတယ်လို့ လူတွေက ယူဆကြပါတယ်။
Ref : southeastasiabackpacker