ကမ္ဘာပေါ်မှာ အိမ်တံခါး လုံးဝမပိတ်တဲ့ အရပ်ဒေသ ရှိပါသေးတယ်။ အဲဒါကတော့ အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ထဲက Shani Shingnapur ဆိုတဲ့ ရွာကလေးတရွာပါ။
အဲဒီရွာမှာရှိတဲ့ လူနေအိမ်တွေ၊ ဈေးဆိုင်တွေမှာ အိမ်တံခါးဆိုတာ လုံးဝ မရှိပါဘူး။ အိမ်တံခါး မရှိတဲ့အတွက် သော့ခတ်စရာလည်း မလိုပါဘူး။ တရွာလုံး အိမ်တံခါး၊ ဆိုင်တံခါးတွေ မပိတ်ဘဲ နေထိုင်ကြပေမယ့် တရွာလုံးကတော့ သူခိုး၊ ဓားပြ မရှိ လုံလုံခြုံခြုံပါပဲ။ အဲဒီရွာမှာ နေထိုင်သူပေါင်းကတော့ လူ ၄၀၀၀ နီးနီး ရှိပါတယ်။
ဒါက ဘာကြောင့်လဲ ဆိုတော့ ရွာသူ၊ ရွာသားတွေက သူတို့ရွာကို ဟိန္ဒူနတ်ဘုရားတပါးဖြစ်တဲ့ Shani နတ်ဘုရားက ထာဝရစောင့်ရှောက်နေတယ်လို့ ယုံကြည်နေကြတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲဒီနတ်ဘုရားဟာ စကြဝဠာတခုလုံးရဲ့ နတ်ဘုရားတဆူလည်းဖြစ်တယ်လို့ သူတို့က ယုံကြည်ထားကြပါတယ်။
ရွာသားတွေရဲ့ အယူအဆအရဆိုရင်တော့ အဲဒီနတ်ဘုရားဟာ သူတို့ကျေးရွာကို ကျရောက်လာမယ့် မကောင်းမှုတွေအားလုံးက ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ယူဆထားကြပါတယ်။
သူတို့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ခိုးယူဖို့ချဉ်းကပ်လာတဲ့ ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်းဆိုသလိုပဲ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေကို တွေ့ကြုံခံစားရပြီး မျက်စိကွယ်တာ ဒါမှမဟုတ်လည်း ကာလရှည်ကြာအောင် အနာရောဂါနှိပ်စက်တာကို ခံစားကြရတယ်လို့ ရွာသူရွာသားတွေက ယုံကြည်ထားကြပါတယ်။
မရိုးသားတဲ့ လူမှန်သမျှနဲ့ အကုသိုလ်ပြုကျင့်မိတဲ့ သူတွေဆိုရင်လည်း Sada-Sati နတ်ဘုရားမရဲ့ ကျိန်စာကြောင့် ၇ နှစ် ဒါမှမဟုတ် ၁ နှစ်ခွဲအတွင်း မတော်တဆဖြစ်ပြီးသေရတာ ဒါမှမဟုတ် ပိုင်ဆိုင်သမျှ စည်းပွားဥစ္စာတွေ ဆုံးရှုံးတာမျိုး ကြုံရနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
ရှေးရိုးစဉ်လာ ပြောကြားလာခဲ့ကြတဲ့ ပုံပြင်တွေအရဆိုရင် တခါတုန်းက လူတယောက်ဟာ အိမ်တအိမ်က ပစ္စည်းတွေကို ခိုးယူသွားခဲ့ပါတယ်။ နောက်နေ့ရောက်လာတော့ သူခိုးဖြစ်သူဟာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ရပါတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း Shani Shingnapur ရွာသူ ရွာသားတွေဟာ သူတို့ပစ္စည်း ခိုးသူတွေဟာ သူတို့ ကိုးကွယ်တဲ့ နတ်ဘုရား ကျိန်စာကြောင့် အသေဆိုးနဲ့ သေရမယ်လို့ ယုံကြည်ကြတဲ့အတွက် ခုချိန်တိုင်အောင်ပဲ အိမ်တွေမှာ တံခါးတပ်ဆင်ထားလေ့ မရှိကြတာလို့ သိရပါတယ်။
Ref: theculturetrip