အိန္ဒိယဟာ ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနိုင်ငံတွေထဲက နိုင်ငံတနိုင်ငံဆိုရင် မှားမယ် မထင်ပါဘူး။ ကြွယ်ဝ ချမ်းသာတဲ့ ယဉ်ကျေးမှုတွေ ယနေ့ခေတ်ထိ ရှိနေဆဲ ဖြစ်တဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြား ဆက်ဆံမှုတွေနဲ့ ဆင်းရဲချမ်းသာ မညီမျှမှုများတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ အယူအဆတွေကို အခုထိကျင့်သုံးနေဆဲ ဖြစ်တဲ့ အိန္ဒိယနိုင်ငံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Chess ကစားနည်း သန္ဓေတည်ရာနိုင်ငံ
အိန္ဒိယနိုင်ငံဟာ Chess ကစားကို စတင်တီထွင်ခဲ့တဲ့ နိုင်ငံ ဖြစ်တယ်လု့ိ သိရပါတယ်။ မူလဘူတနာမည်က Chaturanga လို့ ခေါ်ပြီး အဓိပ္ပာယ်ကတော့ “စစ်ဌာနလေးခု” လို့ အဓိပ္ပာယ်ရပါတယ်။ စစ်ဌာနလေးခု ဆိုတာ ဆင်တပ်၊ နှစ်ဘီးတပ် စစ်ရထား၊ မြင်းတပ်နဲ့ ခြေလျင်တပ်တို့ကို ဆိုလိုတာ ဖြစ်ပါတယ်။
(၂) လူဦးရေ ထူထပ်ခြင်း
အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၇ ခုနှစ် အိန္ဒိယရဲ့ သန်းခေါင်စာရင်းအရ ၁ ဒဿမ ၃၄ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ ဒါဟာ အတော်ကို များတဲ့ လူဦးရေဖြစ်ပြီး တရုတ်နိုင်ငံရဲ့ လူဦးရေကို မှီလုမှီခင် ဖြစ်နေပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။ တရုတ်နိုင်ငံ လူဦးရေထက် ပိုပြီး များသွားမယ်လို့ ယူဆထားသူတွေလည်း ရှိနေပါသေးတယ်။
(၃) နွားမှတ်ပုံတင်
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂဲလ်မြို့မှာ ရှိတဲ့ နွားတွေအားလုံးမှာ သူတို့ရဲ့ ဓာတ်ပုံကို ထည့်သွင်းထားတဲ့ မှတ်ပုံတင်တခုစီ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ နွားများအားလုံးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်က နွားတွေ ရှိနေတာ ဂုဏ်ယူစရာဖြစ်ကြောင်းနဲ့ နွားတွေဟာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တိရစ္ဆာန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
(၄) လေထုညစ်ညမ်းခြင်း
အိန္ဒိယဟာ လူဦးရေအလွန်ထူထပ်တာကြောင့် မြို့ပြတွေမှာ ဖြစ်ပွားနေတဲ့ ပြဿနာက လေထုညစ်ညမ်းတာပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ထိထိရောက်ရောက် တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ လေ့လာသူတွေရဲ့ ပြောကြားချက်အရ ဒေလီ ဒါမှမဟုတ် မွမ်ဘိုင်းကို တရက်သွားရောက်လည်ပတ်တာဟာ ဆေးလိပ် အလိပ် ၁၀၀ သောက်ခြင်းနဲ့ ညီတယ်လို့ ဆိုပါတယ်။
(၅) သက်သတ်လွတ် စားသုံးခြင်း
အိန္ဒိယဟာ သက်သတ်လွတ်စားသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားအများစုဟာ ဟိန္ဒူဘာသာကို ကိုးကွယ်ကြတာကြောင့် သက်သတ်လွတ်စားကြခြင်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၆၀ရာခိုင်နှုန်းဟာ သက်သတ်လွတ်စားသူ ဖြစ်ပြီး မြို့ကြီးတွေမှာတောင်မှ အသားစားသုံးသူ နည်းပါးလွန်းတယ်လို့ သိရပါတယ်။
(၆)ဘာသာတရားများရဲ့ အစတည်ရာ
အိန္ဒိယနိုင်ငံဟာ ယနေ့ လက်ရှိ တကမ္ဘာလုံးမှာ ကိုးကွယ်နေတဲ့ ဘာသာတရားတော်တော်များများရဲ့ အစတည်ရာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာ အပါအဝင် အခြား လူနည်းစုတွေလည်း နေထိုင်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
Ref;brightside