ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ပညာရေး ၊ ကျန်းမာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေမှာသာမက အတိတ်က ရှိခဲ့တဲ့ သမိုင်းအမွေအနှစ်တွေကိုပါ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အဲဒီတွေထဲကမှ အမေရိကမှာရှိတဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နေရာအချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Cahokia Mounds State Historic Park
Cahokia Mounds State Historic Park ကတော့ အီလီနွိုက်ပြည်နယ် Collinsville မှာ တည်ရှိပါတယ်။ ဒီနေရာကို အလည်အပတ်ခရီး ထွက်သူတွေအနေနဲ့ကတော့ အတိတ်လူသားတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ မြို့ပြနိုင်ငံကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အေဒီ ၇၀၀ နဲ့ ၁၄၀၀ လောက်မှာတော့ ဒီမြို့ပြနိုင်ငံတော်ကြီးမှာ လူဦးရေ ၁၀၀၀၀ ကနေ ၂၀၀၀၀ ကြား နေထိုင်ခဲ့ကြပါတယ်။ ၁၉၈၂ ခုနှစ်မှာတော့ UNESCO က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ကြေညာခဲ့ပါတယ်။
(၂) Chaco Cluture National Historic Park
၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နေရာအဖြစ် ကြေညာပေးခဲ့တဲ့ Chao Culture National Historic Park ဟာ New Mexico ရဲ့ အနောက်မြောက်ပိုင်းမှာ ရှိပါတယ်။ အေဒီ ၈၅၀နဲ့ ၁၂၅၀ ကြားလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အထိမ်းအမှတ်ပွဲတော်တွေ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကိုဆောင်ရွက်ခဲ့တဲ့ အဓိကနေရာဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကျန်နေသေးတဲ့ အဆောက်အဦတွေကို နဂိုမူလအတိုင်း ထိန်းသိမ်းထားတာဖြစ်ပြီး အဆောက်အဦအသစ်တွေကိုလည်း ထပ်မံဆောက်လုပ်ခွင့် မပြုပါဘူး။
(၃) Everglades National Park
Florida တောင်ပိုင်းမှာတည်ရှိပြီး ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ၁၉၇၉ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ Everglades အမျိုးသားဥယျာဉ်မှာတွေရမှာတွေကတော့ ငှက်မျိုးစိတ်ပေါင်း ၄၀၀ ကျော်နဲ့ သဘာဝ သားရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း ၂၀ ကျော်ပါပဲ။ Everglades ဟာ Sawgrass ဒီရေတောနဲ့အတူ အနောက်ကမ္ဘာရဲ့ အကြီးမားဆုံးဂေဟစနစ်ကို ပိုင်ဆိုင်ထားပါတယ်။
(၄) Mammoth Cave National Park
ကြီးမားပြီးလှပတဲ့ သဘာဝလိုဏ်ဂူဖြစ်တဲ့ ဒီနေရာကိုတော့ Kentucky တောင်ဘက် အလယ်ပိုင်းမှာတည်ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံးလိုဏ်ဂူဖြစ်ပြီး အခုအခါမှတော့ တောင်တက်တာတွေ ၊ မြင်းစီး၊ စက်ဘီးစီးတာတွေနဲ့ စခန်းချနေထိုင်တာတွေပြုလုပ်နိုင်တဲ့အပြင် ရေကူးကစားနည်း အမျိုးမျိုးကိုလည်းပြုလုပ်နိုင်ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ် ကြေညာပေးခဲ့ပါတယ်။
(၅) Statue of Liberty
New York ဆိပ်ကမ်းမှာရှိတဲ့ Liberty ရုပ်တုဟာ လွတ်လပ်မှု ၊ တရားမျှတမှုနဲ့ အခြား အဓိပ္ပါယ်ပေါင်းများစွာဖော်ပြနေတဲ့ ရုပ်တုဖြစ်ပြီး အမေရိကရဲ့ အမှတ်အသားတခုလည်း ဖြစ်ပါတယ်။ ဒီရုပ်တုကိုတော့ ၁၈၇၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံက အမေရိကကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး Fre’de’ric Bartholdi နဲ့ Gustav Eiffel တို့က ထုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ယဉ်ကျေးမှုနဲ့ တန်းတူညီမျှမှုတို့ရဲ့ အမှတ်သရုပ် တခုဖြစ်တဲ့အတွက်ကြောင့် UNESCO က ၁၉၈၄ ခုနှစ်မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ကြေညာခဲ့ပါတယ်။
Ref : theculturetrip