စင်ကာပူနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဟာ အခြားနေရာတွေက ကျောင်းတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ ပုံစံ ရှိပါတယ်။ စင်ကာပူနိုင်ငံမှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရတာကတော့ အစောပိုင်း အခြေချ နေထိုင်သူတွေ၊ ကုန်သည်တွေနဲ့ သာသနာပြု ပုဂ္ဂိုလ်တွေကြောင့်ပါ။
စင်ကာပူနိုင်ငံရဲ့ လူဦးရေ ၃ ပုံလောက်က ဗုဒ္ဓဘာသာကို အဓိကအားဖြင့် ကိုးကွယ်ကြပါတယ်။ ဒါကြောင့်လည်း စင်ကာပူနိုင်ငံက ဘုန်းကြီးကျောင်းတွေဟာ ဗိသုကာပညာရပ်မှာသာမက ကိုးကွယ်မှုပိုင်းဆိုင်ရာမှာပါ တိုးတက်လာတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ထင်ရှားတဲ့ ဘုန်းကြီးကျောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Maha Sasana Ramsi
မဟာသာသနရံသီ ကျောင်းတော်ကြီးကတော့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ ထေရဝါဒ ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ အထင်ကရ ကျောင်းတော်ကြီးလည်း ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးဟာ စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေအတွက် အရေးပါတဲ့ ကျောင်းတော်ကြီးပါ။
ကျောင်းတော်ကြီးထဲမှာ ပူဇော်ထားရှိတဲ့ ရုပ်ပွားတော်ကိုလည်း အဖြူရောင် စကျင်ကျောက်နဲ့ ထုလုပ်ထားတာဖြစ်ပြီး မြန်မာ့လက်ရာလည်း ဖြစ်သလို မြန်မာနိုင်ငံ အပြင်ဖက်မှာတော့ အကြီးဆုံး ရုပ်ပွားတော်ကြီး တဆူ ဖြစ်ပါတယ်။
(၂) Buddha Tooth Relic Temple
ဗုဒ္ဓစွယ်တော်မြတ်ကို ပူဇော်ထားရှိတဲ့ ဒီကျောင်းတော်ကြီးကိုတော့ ၂၀၀၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဗိသုကာလက်ရာတွေကတော့ တရုတ် Tang မင်းဆက်ရဲ့လက်ရာတွေမှာ အခြေခံတည်ဆောက်ထားပါတယ်။ ဒီကျောင်းအနားမှာတော့ တရုတ်တန်း ရှိတဲ့အတွက်လည်း ခရီးသွားတွေ အလာများကြပါတယ်။
ဗုဒ္ဓဝင်ပြခန်းတွေကို ထားရှိတဲ့အပြင် ဘာသာရေးဆိုင်ရာ ပွဲတော်တွေကိုလည်း ကျင်းပ တတ်ကြပါတယ်။ အဲဒီကျောင်းတော်ကြီးကို ရောက်သွားခဲ့မယ်ဆိုရင်တော့ စင်ကာပူနိုင်ငံရဲ့ ခိုင်မာတဲ့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွေကို တွေ့ရမှာ မလွဲပါပဲ။
(၃) Sakya Muni Buddha Gaya Temple
စကြာမုနိ ကျောင်းတော်ကြီးကတော့ ထေရဝါဒ ကျောင်းတကျောင်းဖြစ်ပြီး ၁၉၂၇ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဗောဓိတထောင်လို့လည်း ခေါ်ကြပါသေးတယ်။ ဒီကျောင်းတော်မှာဆိုရင် ရိုးရာကို ထိန်းသိမ်းထားတဲ့ ထေရဝါဒ အစဉ်အလာကို မြင်တွေ့ရမှာပါ။ ခရီးသွား ဧည့်သည်တွေအဖို့ကတော့ ပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာနဲ့ နံရံတွေပေါ်မှာ သရုပ်ဖော်ထားတဲ့ လက်ရာမြောက် ဗုဒ္ဓဝင်ပန်းချီကားတွေက အထူးအဆန်းလို ဖြစ်နေပါတယ်။
(၄) Thian Hock Keng Temple
ဒီကျောင်းတော်ကတော့ စင်ကာပူနိုင်ငံရဲ့ တရုတ်ရှေးဟောင်း ဘုံကျောင်းတကျောင်းပါ။ ဒီကျောင်းတော်ကြီးကိုတော့ ၁၈၄၀ ခုနှစ်မှာ Hokkiens က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်တောင်ပိုင်းက ဗိသုကာပညာနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဒီကျောင်းတော်ကြီးရဲ့ထူးခြားချက်ကတော့ သံချောင်း တချောင်းမှ မသုံးဘဲ တည်ဆောက်ခဲ့တာပါ။
ဒီကျောင်းတော်ကြီးကို မူလဆောက်လုပ်ခဲ့စဉ် တုန်းကတော့ ပင်လယ်စောင့် နတ်သမီးဖြစ်တဲ့ Mazu ကို ပူဇော်ဖို့အတွက် ဆောက်လုပ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာ၊ တာအို၊ ကွန်ဖြူးရှပ်နဲ့ ဘိုးဘွားတွေကိုပါ စုပေါင်းကန်တော့တဲ့ နေရာတနေရာ ဖြစ်လာခဲ့ပါတယ်။
(၅) Jin Long Si Temple
မဟာယာနကျောင်းဖြစ်ပေမယ့် တာအိုနဲ့ ကွန်ဖြူးရှပ် ဝါဒီတွေကလည်း ဒီကျောင်းတော်ကို လာရောက်လေ့ ရှိပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ထောင့်မှာတော့ ကြီးမားလှပတဲ့ နဂါးရုပ်တု ထုလုပ်ထားပြီး စင်ကာပူမှာရှိတဲ့ ကျောင်းတွေထဲမှာတော့ အလှဆုံး စာရင်းဝင်တဲ့ ကျောင်းတကျောင်းပါ။
အဲဒီ ကျောင်းတော်ကြီးမှာဆိုရင် သီရိလင်္ကာနိုင်ငံက ပင့်ဆောင်လာခဲ့တဲ့ မဟာဗောဓိညောင်ပင်ကို စိုက်ပျိုးထားပြီး သက်တမ်း ၁၂၀ ရှိပြီ ဖြစ်ပါတယ်။ အဲဒီ ညောင်ပင်ကြီးဟာ သမိုင်းကြောင်းအရလည်း အရေးကြီးတဲ့အတွက် သေသေချာချာကို ထိန်းသိမ်း စောင့်ရှောက်ထားကြပါတယ်။
Ref : theculturetrip