အိုက်စလန်နိုင်ငံမှာဆိုရင်တော့ Hallgri’mskirkja ဘုရားရှိခိုးကျောင်းကို လူတွေက ကောင်းကောင်းသိကြပါတယ်။ အဲဒီဘုရားကျောင်းက Reykjavik မြို့မှာ ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ် ဘုရားရှိခိုးကျောင်းတွေလည်း အိုက်စလန်မှာ ရှိပါသေးတယ်။ အဲဒီလိုကျောင်းတွေ အများကြီးထဲကမှ ထူးထူးခြားခြား သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Stave Church
ပထမဆုံးဖော်ပြပေးချင်တဲ့ ဘုရားရှိခိုးကျောင်းကတော့ Heimaey ကျွန်းပေါ်မှာ ရှိပါတယ်။ အဲဒီ Stave ဘုရားရှိခိုးကျောင်းကိုတော့ Norwegian ပုံစံ ဆောက်လုပ်ထားပါတယ်။ အဲဒီ ဘုရားရှိခိုးကျောင်းကိုတော့ နော်ဝေနိုင်ငံက ၂၀၀၀ ပြည့်နှစ်တုန်းက ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး အိုက်စလန်နိုင်ငံမှာ ခရစ်ယာန်ဘာသာ စတင်ရောက်ရှိတာ နှစ် ၁၀၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
Viking ခေတ်ပုံစံ ဆောက်လုပ်ထားတာဖြစ်ပြီး ကျောင်းအတွင်းပိုင်းမှာဆိုရင်လည်း အလယ် ခေတ်လောက်က ပန်းချီကားတွေနဲ့ အလှဆင်ထားပါတယ်။
(၂) Pingvellir Church
ဒီဘုရားကျောင်းကတော့ Pingvellir အမျိုးသားဥယျာဉ်ထဲမှာ ရှိပါတယ်။ ဒီကျောင်းတော်ကိုတော့ ၁၈၃၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၈၅၉ ခုနှစ်မှာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပန်းချီကားတွေကို ချိတ်ဆွဲခဲ့ပါတယ်။
(၃) Flatey Island Church
ဒီဘုရားရှိခိုးကျောင်းကတော့ အခုအခါမှာ အိုက်စလန်ရဲ့ စာကြည့်တိုက်အငယ်စားလေး ဖြစ်လာခဲ့ပါတယ်။ ဒီသစ်သားကျောင်းငယ်လေးကိုတော့ ၁၉၂၆ ခုနှစ်မှာ Flateyjarbok ဆိုသူက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းမှာဆိုရင်တော့ အလယ်ခေတ်က စာပေအရေး အသားတွေကို စုဆောင်းထားရှိပါတယ်။
အဲဒီလို စုဆောင်းထားတဲ့ စာပေတွေထဲမှာတော့ ၁၃၉၀ ခုနှစ်ကရေးသားခဲ့တဲ့ စာပေ အရေးအသားတွေကိုလည်း တွေ့နိုင်ပါသေးတယ်။ ဒီဘုရားကျောင်းကတော့ ကျွန်းပေါ်မှာ အကြီးဆုံးဖြစ်သလို ယဇ်ပူဇော်ခြင်းနဲ့ဆိုင်တဲ့ အရေးအသားတချို့ကိုလည်း တွေ့နိုင်ပါသေးတယ်။
(၄) Budir Church
Snaefelsnes တောင်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Budir ဘုရားရှိခိုးကျောင်းကိုတော့ သစ်သားအနက်တွေကိုသာ သုံးပြီးဆောက်လုပ်ထားပါတယ်။ ဒါကြောင့်လည်း ဒီဘုရားရှိခိုးကျောင်း ဟာ မကြာခဏ မှတ်တမ်းဓာတ်ပုံရိုက်ကူး ခံရပြီး မင်္ဂလာပွဲတွေကိုလည်း ကျင်းပလေ့ ရှိကြပါတယ်။
(၅) Kirkjubaer Church
ရှေးဟောင်းဘုရားကျောင်း တကျောင်းဖြစ်တဲ့ Kirkjubaer ကျောင်းကိုတော့ မြစ်အနီးမှာ တည်ဆောက်ထားပါတယ်။ ၁၁၈၆ ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ၁၆ ရာစု အလယ်ပိုင်းလောက်က ဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်ကျောင်းအတွက် ရည်ရွယ်ဆောက်လုပ်ထားတာပါ။
ဒီနေရာက ၁၇၈၃ ခုနှစ်က Laki မီးတောင်ပေါက်ကွဲခဲ့ဖူးပြီး သိက္ခာတော်ရဆရာတော် Jon က တရားဒေသနာ ဟောကြားခြင်းဖြင့် ချော်ရည်တွေ ရွာကိုရောက်မလာအောင် ရပ်တန့်စေခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ သိက္ခာတော်ရဆရာတော် Jon ကွယ်လွန်တော့လည်း သူ့ရုပ်အလောင်းကို အဲဒီရွာမှာပဲ မြှုပ်နှံခဲ့ပါတယ်။
Ref : theculturetrip