ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) ကို ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှု အဆာက်အဦတွေ ထိန်းသိမ်းတဲ့ အဖွဲ့အစည်းအဖြစ် လူအများက သိကြပါတယ်။ တကယ်တော့ ရိုးရာယဉ်ကျေးမှုဆိုတာ အဆောက်အဦထက် ပိုတဲ့ အရာပါ။
ယူနက်စကိုအဖွဲ့ရဲ့ ပြောကြားချက်အရ ယူနက်စကိုဟာ အဆောက်အဦတွေအပြင် နှုတ်ထွက်စကား၊ ဖျော်ဖြေရေး အနုပညာ၊ လူမှုပတ်ဝန်းကျင်နဲ့ ပွဲတော်တွေကိုပါ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယူနက်စကိုက အမွေအနှစ်အဖြစ် ထိန်းသိမ်းထားပေးတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Reggae ဂီတ
ဂျမေကန်နိုင်ငံရဲ့ ရိုးရာဂီတဖြစ်တဲ့ Reggae ဂီတကို ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ထားပေးပါတယ်။ လှပတဲ့ ဂီတသံစဉ်တွေရဲ့ ပေါင်းဖက်မှုနဲ့ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းအကြောင်းတွေကို သီဆိုရတဲ့ Reggae ဂီတရဲ့ အစောပိုင်း ဂျာမေကန်,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ့ Blues ပုံစံအားလုံး ပါဝင်ပါတယ်။
(၂) Hurling နဲ့ Camogie ကစားနည်း
Hurling ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်က ကစားနည်း တမျိုးဖြစ်ပါတယ်။ ဒီကစားနည်းကို အိုင်ယာလန်နိုင်ငံက စတင်ကစားခဲ့ပြီး ဘောလုံးကစားနည်းလို အုပ်စုလိုက် ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။ ကစားသူဟာ ယောက်ချိုပုံစံ တုတ်ချောင်းနဲ့ ဘောလုံးအသေးစားကို ရိုက်ရတာ ဖြစ်ပြီး တဖက်ဂိုးကို ဝင်အောင် ကစားရတာဖြစ်ပါတယ်။ ဒီကစားနည်းက ဟော်ကီနဲ့ ဆင်တူပါတယ်။ Camogie ကတော့ အမျိုးသမီး ဗားရှင်း ဖြစ်တယ်လို့ သိရပါတယ်။
(၃) Al-Aragoz (လက်ထိုး ရုပ်သေး)
ရုပ်သေးပညာဟာ အီဂျစ်နိုင်ငံမှာ အလွန်ခေတ်စားတဲ့ အနုပညာတရပ် ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေး ကပြသလို ပုံစံ တူပေမယ့် သူတို့က အရုပ်ရဲ့ အတွင်းထဲကို လက်ထိုးပြီး ကပြရတာ ဖြစ်ပါတယ်။ အရုပ်ကိုင်သူဟာ ပရိသတ် မမြင်ရတဲ့ ကွယ်ရာမှာ ထိုင်ရပြီး သူ့ရဲ့ လက်ထောက်က ပရိသတ်ကို ကပြရာမှာ အဓိက ကူညီပါတယ်။ Al-Aragoz ဟာ အဓိက ရုပ်သေးကာရိုက်တာ ဖြစ်ပြီး ဖျော်ဖြေသူတွေဟာ နယ်လှည့် ဖျော်ဖြေလေ့ရှိပါတယ်။
(၄) မြင်းဖြင့် ပုစွန်ဖမ်းခြင်း
ဘယ်လဂျီယံ နိုင်ငံမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေမှာ မြင်းနဲ့ ပုစွန်ဖမ်းလေ့ရှိကြပါတယ်။ ဒီနည်းဟာ ကမ္ဘာစစ်ဖြစ်တဲ့ အချိန်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ မြင်းရဲ့ အနောက်မှာ ငါးဖမ်းပိုက်ကွန်ကို ထည့်ပြီး မြင်းဟာ ပင်လယ်ရေထဲ ဆင်းရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
ခေတ်မီ စက်ကိရိယာတွေ ပေါ်လာပြီးတဲ့ နောက်မှာ ဒီလို ငါးဖမ်းခြင်းကို လုပ်ကိုင်တဲ့ သူတွေ ရှားလာပါတယ်။ ဒီ ငါးဖမ်းနည်းဟာ ရေ၊လေနဲ့ ပင်လယ်သဲ အားလုံးကို တွက်ချက်ပြီးမှ ပြုလုပ်ရတဲ့ ရှေးဟောင်းနည်း ဖြစ်တာကြောင့် ယူနက်စကိုက ကာကွယ်ထားပေးခြင်း ဖြစ်ပါတယ်။
Ref; mmn