မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်မှုများ ရှိပါတယ်။ မလေးရှားနိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ကျောင်းတော်တွေမှာ ထူးခြားတဲ့သမိုင်းနဲ့ ဗိသုကာ ဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မလေးရှားနိုင်ငံရဲ့ ထင်ရှားတဲ့ ကျောင်းတော်တွေရဲ့ အကြောင်း ဖြစ်ပါတယ်။
(၁) Batu Caves Temple
ဒီကျောင်းတော်ကတော့ ဟိန္ဒူဘုရားရှိခိုးကျောင်းပါ။ ဒီကျောင်းတော်မှာဆိုရင်တော့ တမီးလ်လူမျိုးတွေရဲ့ ဘာသာရေး အခမ်းအနားဖြစ်တဲ့ Thaipusam ပွဲတော်ကို ဇန်နဝါရီလမှာ ကျင်းပလေ့ ရှိပါတယ်။ အဲဒီအခမ်းအနားကတော့ ဟိန္ဒူနတ်ဘုရားတပါးဖြစ်တဲ့ Murugan ကို ရည်ရွယ်ကျင်းပတာပဲ ဖြစ်ပါတယ်။
အဲဒီကျောင်းတော်ကတော့ Kuala Lumpur ကနေ မိနစ် ၄၀ ရထားစီးသွားရင်ရောက်တဲ့ Gombak ထုံးကျောက်တောင်မှာ ရှိပါတယ်။ အဲဒီနေရာကို ရောက်သွားရင်တော့ အဝင်ဝနေရာမှာ ထုလုပ်ထားတဲ့ Murugan နတ်ဘုရားရုပ်တုကို မြင်တွေ့နိုင်ပါတယ်။
(၂) Kek lok Si Temple
၁၉ ရာစုကတည်ဆောက်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းဖြစ်ပြီး Penang ကျွန်း တောင်ထိပ်မှာ ရှိပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ပန်းချီ ၊ ပန်းပု ရာပေါင်းများစွာကို ထားရှိထားပါတယ်။ အသေးစိတ် ဗိသုကာလက်ရာတွေကတော့ တရုတ်ယဉ်ကျေးမှု လက်ရာတွေ ဖြစ်ပြီး ဗုဒ္ဓရဲ့ သင်ကြားချက်တွေကိုလည်း ဖော်ပြထားပါတယ်။
(၃) Sri Mahamariamman Temple
ဟိန္ဒူဘုရားရှိခိုးကျောင်းဖြစ်ပြီး ကွာလာလမ်ပူမြို့တော် Jalan Tun HS Lee လမ်းမပေါ်မှာ ရှိပါတယ်။ ကျောင်မုခ်ဦးဝမှာ ဆိုရင် ရာမာယနဇာတ်တော်ထဲက အဖြစ်အပျက်တွေကို ရုပ်တုပေါင်း ၂၂၈ ခု သရုပ်ဖော်ထားပါတယ်။ အဲဒီကျောင်းတော်ကြီးမှာ အစောပိုင်း ဟိန္ဒူဘာသာပုံပြင်တွေနဲ့ ဟိန္ဒူယဉ်ကျေးမှုတွေကိုလည်း တွေ့နိုင်ပါသေးတယ်။
(၄) Thean Hou Temple
ဗုဒ္ဓဘာသာကျောင်းတော်ဖြစ်ပေမယ့် တရုတ်လူမျိုးတွေ အများစု လာရောက်ကြတာ ဖြစ်တဲ့အတွက် တာအို နဲ့ ကွန်ဖြူးရှပ် ကိုးကွယ်တာမျိုးကိုလည်း တွေ့နိုင်ပါသေးတယ်။ အဲဒီ ကျောင်းတော်ကြီးမှာ တရုတ် ဆေးဖက်ဝင်အပင်တွေကို စိုက်ပျိုးထားတဲ့ ဥယျာဉ်ကိုလည်း လည်ပတ် နိုင်ပါတယ်။
(၅) Khoo Kongsi Temple
ပီနန်မှာရှိတဲ့ Khoo Kongsi ကျောင်းကိုတော့ ၁၉ ရာစုလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ပီနန်ရဲ့ အထင်ကရ အမွေအနှစ် တခုပါ။ ဒီကျောင်းတော်မှာဆိုရင် တရုတ်ရိုးရာ ဘိုးဘွားကန်တော့ပွဲကိုလည်း ကျင်းပလေ့ ရှိတတ်ပါတယ်။
Ref : theculturetrip