ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုခဲ့သူ ဆရာကြီးဦးဖေမောင်တင်
ဆရာကြီးဦးဖေမောင်တင်ကို ၁၈၈၈ ခုနှစ် ဧပြီ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ကတော့ ဦးဖေဖြစ်ပြီး မိခင်ကတော့ဒါ်မြိုင်ပါ။ ဆရာကြီးဦးဖေမောင်တင်ဟာ ခရစ်ယာန်ဘာသာဖြစ်ဝင်ပေမယ့် ဗုဒ္ဓဘာသာကျမ်းစာဖြစ်တဲ့ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သူတဦးလည်းဖြစ်ပါတယ်။
ဆရာကြီးဦးဖေမောင်တင် ဟာ ၁၉၀၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ပါဠိဘာသာနဲ့ဘွဲ့ရရှိခဲ့ပြီး ၁၉၁၁ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားတက္ကသိုလ်ကနေ M.A ဘွဲ့ ရရှိခဲ့ပြီး ၁၉၂၂ ခုနှစ်မှာတော့ Oxford တက္ကသိုလ်ကနေ စာပေဘွဲ့ ( B.Litt.) ရရှိခဲ့ပါတယ်။
ဆရာကြီးဦးဖေမောင်တင်ဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ရန်ကုန်တက္ကသိုလ်ရဲ့ ပါဠိပါမောက္ခ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဆရာကြီးဦးဖေမောင်တင် ပါမောက္ခဖြစ်လာတဲ့ အချိန်မှာတော့ ရန်ကုန်တက္ကသိုလ်မှာမြန်မာစာဌာနရယ်လို့ မရှိခဲ့သေးပါဘူး။ အဲဒီအချိန်ဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်ရောက်နေခဲ့တဲ့ အချိန်ဖြစ်နေလေတော့ မြန်မာစာပေက အနှိမ်ခံနေရတဲ့အချိန်ပါပဲ။
အဲဒီလို အခြေအနေကြားထဲကကိုပဲ ဆရာကြီးက ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့ဖြစ်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။
ဆရာကြီးပါမောက္ခဖြစ်လာချိန်မှာတော့ ဆရာကြီးရဲ့ ပထမဆုံးတပည့်ကတော့ စိန်တင်ဖြစ်ပြီးနောက်ပိုင်းမှာတော့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့စာရေးတယောက်ဖြစ်တဲ့ သိပ္ပံမောင်ဝပဲ ဖြစ်ပါတယ်။ နောက်ထပ်ထင်ရှားတဲ့ ဆရာကြီးရဲ့တပည့်တွေကတော့ ခေတ်စမ်းစာပေမှာထင်ရှားတဲ့ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ပဲဖြစ်ကြပါတယ်။
ဆရာကြီးမင်းသုဝဏ်အကြောင်းရေးသားထားတဲ့ မင်းသုဝဏ်ဋီကာ (မောင်ခင်မင် ၊ဓနုဖြူ ) ရဲ့ စာအုပ်ထဲမှာလည်း ဆရာကြီးဦးဖေမောင်တင်နဲ့ ဆရာမင်းသုဝဏ်တို့ရဲ့ဆက်စပ်မှုကိုဖော်ပြထားတာ တွေ့ရပါတယ်။
ဆရာမင်းသုဝဏ် ရန်ကုန်တက္ကသိုလ်တက်နေတဲ့အချိန်မှာ မိဘတွေ စီးပွားပျက်ခဲ့ကြပါတယ်။ စီးပွားပျက်လို့ ကျောင်းဆက်မတက်နိုင်တော့တဲ့အတွက် မိဘတွေရှိရာဆီပြန်ပြီး သာမန်ကျောင်းဆရာအလုပ်ကို ဝင်လုပ်ခဲ့ရပါတယ်။ ဒါကို ဆရာကြီးဦးဖေမောင်တင် သိတဲ့အခါမှာ ဆရာမင်းသုဝဏ်ကို စကောလားရှစ်ရအောင်လုပ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာပြန်လည် သင်ကြားခွင့်ရအောင်ဆောင်ရွက်ခဲ့ပါတယ်။
ရှေးခေတ်ကပညာတတ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တပည့်တွကိုအခုလိုပဲမွေးမြူခဲ့ကြပါတယ်။ ဒါကြောင့်လည်း ခေတ်စမ်းရဲ့နေတစင်းဖြစ်တဲ့ ဆရာမင်းသုဝဏ်ရယ်လို့ ပေါက်ပေါက်မြောက်မြောက်ဖြစ်လာခဲ့ပါတယ်။ ဆက်စပ်နေလို့ပြောရမယ် ဆိုရင်တော့ အနားယူသွားခဲ့ပြီဖြစ်တဲ့ သမ္မတဦးထင်ကျော်ဟာ ဆရာမင်းသုဝဏ်ရဲ့ သားဖြစ်ပါတယ်။
၁၉၃၇ ခုနှစ်မှာတော့ ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဌ အဖြစ်ရွေးကောက်တင်မြှောက် ခံခဲ့ရပြီး ၁၉၃၉ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ကျောင်းအုပ်ဖြစ် လာခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၇ _ ၅၈ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ ၊ချီကာဂို တက္ကသိုလ်ကဒေါက်တာဘွဲ့ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓဘာသာအကြောင်း သင်ကြားပေးဖို့ အတွက် ဂုဏ်ထူးဆာင်ပုဂ္ဂိုလ်အဖြစ် အမေရိကန်နိုင်ငံက ဖိတ်ကြားခဲ့ပါတယ်။
၁၉၅၉ မေလမှာတော့ ကွာလာလမ်ပူမြို့မှာကျင်းပတဲ့ အရှေ့အာရှ ခရစ်ယာန်ညီလာခံ အစည်းအဝေးကို တက်ရောက် ခဲ့ပါတယ်။ ဆရာကြီးရဲ့အထူးစွမ်းဆောင်ချက်ကတော့မြန်မာ့စွယ်စုံ ကျမ်းကိုပြုစုနိုင်ဖို့အတွက် မြန်မာနိုင်ငံ ဘာသာပြန် စာပေအဖွဲ့အစည်းကြီးကို ဦးဆောင်ခဲ့တာပါပဲ။
ဆရာကြီးဟာ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပေမယ့် ပါဠိစာပေကိုတတ်ကျွမ်းသလို ဗုဒ္ဓဘာသာကိုလည်း နှံ့နှံ့စပ်စပ် ကျွမ်းကျင်သူတယောက်ပါ။
မြန်မာစာပေကိုအထင်မသေးရအောင် တက္ကသိုလ်မှာမြန်မာစာပေဌာနရယ်လို့ဖြစ်လာအောင် ကြိုးစားပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ အပြင် ဝိသုဒ္ဓိမဂ်လိုကျမ်းစာကိုလည်း အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ ပထမဆုံးသော ပုဂ္ဂိုလ်တယောက်ပါပဲ။ ဒီအချက်တွေကိုကြည့်ရင် လူတော်တွေဟာ ဘာသာရေးမှာအစွဲအလမ်းမကြီးကြောင်း တွေ့ရမှာဖြစ်ပါတယ်။
ဆရာကြီးပြုစုခဲ့တဲ့ စာအုပ်တွေထဲမှာဆိုရင်တော့ မြန်မာစာပေလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ မြန်မာစာပေသမိုင်း စာအုပ်က ထင်ရှားပါတယ်။ ဆရာကြီးဦးဖေမောင်တင်ဟာ ၁၉၇၃ခုနှစ် ၊ မတ်လ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
Rfe : မြန်မာစာပေသမိုင်း ၊ မင်းသုဝဏ်ဋီကာ ၊ en.wikipedia.org