မင်္ဂလာဆောင်တွေဟာ တသက်မှာ တခါပြုလုပ်ရတဲ့ အရာဆိုပြီး မြန်မာလူမျိုးတွေ အားလုံး တန်ဖိုးထားပြီး ပြုလုပ်လေ့ ရှိကြပါတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရိုးရာကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် အဲဒါတွေထဲကမှ သာမန်ထက်ပိုပြီး ထူးခြားတဲ့ ရိုးရာမင်္ဂလာဆောင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သစ်သားဖြတ်ခြင်း
ဂျာမနီနိုင်ငံရဲ့ ရှေးဟောင်းရိုးရာ လက်ထပ်ပွဲမှာ ထူးခြားမှုကတော့ သစ်သားဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို သစ်သားတခုကို မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံနှစ်ဦးဟာ အသွားနှစ်ဖက်ပါတဲ့ လွှနဲ့ ဖြတ်ရတာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ လက်ထပ်ပြီးနောက် အတူတကွ ရုန်းကန်ဖို့ ကတိပေးကြတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ဆိုပါတယ်။
(၂) ကလေး နှစ်ယောက်
ဆူဒန်မှာတော့ အိမ်ထောင်ပြုပြီးသွားရင် ကလေးနှစ်ယောက် မွေးရပါတယ်။ ဇနီးသည်ဟာ ကလေးနှစ်ယောက်ကို မွေးနိုင်မှ လက်ထပ်ခြင်းက အောင်မြင်တယ်လို့ သတ်မှတ်ပြီး တကယ်လို့ ကလေးတယောက်ပဲ မွေးနိုင်တယ်ဆိုရင် ကွာရှင်းခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါမှမဟုတ်ဘဲ ဇနီးဟာ ကလေးတယောက်မွေးပြီးနောက် ယောကျာ်းဖြစ်သူ သေဆုံးခဲ့တယ်ဆိုရင် အဲဒီ ဇနီးသည်ကို ယောကျာ်းဘက်က ညီ (သို့မဟုတ်) အစ်ကိုက ယူရတယ်လို့ ဆိုပါတယ်။
(၃) သတို့သမီးကို ပြန်ပေးဆွဲခြင်း
ရိုမေးနီးယားနဲ့ အချို့သော ဥရောပနိုင်ငံတွေမှာ မင်္ဂလာမဆောင်ခင် ရှေ့တရက်မှာ သတို့သမီးကို သူမရဲ့ မိသားစုဝင်၊ သူငယ်ချင်း စတဲ့သူတွေက ပြန်ပေးဆွဲတဲ့ ဓလေ့ရှိတယ်လို့ သိရပါတယ်။ ပြန်ပေးဆွဲလိုက်တဲ့သူတွေတောင်းဆိုတဲ့ အတိုင်း သတို့သားက ပိုက်ဆံ၊ အရက် ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားက ကဗျာဆန်တဲ့ ဖြစ်ရပ်တခုခုကို ပြုလုပ်ပေးပြီး ကယ်ဆယ်ရတာဖြစ်ပါတယ်။
(၄) တံတွေးထွေးခြင်း
ကင်ညာနိုင်ငံမှာတော့ မင်္ဂလာဆောင်တော့မယ်ဆိုရင် သတို့သမီးဟာ လာရောက် တောင်းရမ်းယူသွားတဲ့ သတို့သားအိမ်ကို လိုက်ပြီး နေရပါတယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီးရဲ့ အစ်ကို၊ မောင်နဲ့ အဖေတွေက ကံကောင်းမှုတွေ ရရှိအောင် သတို့သမီးရဲ့ ခေါင်းပေါ်ကို တံတွေးထွေးပေးကြပါတယ်။ ဒီလို တံတွေးထွေးလိုက်ခြင်းအားဖြင့် သတို့သမီးဟာ ဝေးလံခေါင်ဖျားတဲ့ သတို့သားရဲ့ နေအိမ်ကို လိုက်သွားရရင်တောင် အတူတကွ ရှိနေသေးတယ်ဆိုတဲ့ အယူအဆကြောင့်ဖြစ်ပါတယ်။
Ref ; Trill