တရုတ်လူမျိုးတွေမှာ နှစ်တိုင်းနှစ်တိုင်းကို ကိုယ်စားပြုတဲ့ တိရိစ္ဆာန်အသီးသီး ရှိကြပါတယ်။ ရာသီခွင်အရ နှစ်တနှစ်ကို ကိုယ်စားပြုတဲ့ အဲဒီတိရိစ္ဆာန် အသီးသီးဟာ တရုတ်ယဉ်ကျေးမှုမှာ အရေးပါသလို လူ့ဘဝကံကြမ္မာကိုလည်း အဆုံးအဖြတ်ပေးတဲ့ အရာတွေပါ။ နှစ်တနှစ်ကို ကိုယ်စားပြုတဲ့ တိရိစ္ဆာန်တွေက လက်ထပ်ဖို့ သင့်တော်၊ မတော်နဲ့ ကလေးယူဖို့ သင့်တော်၊ မတော် စတဲ့ ကိစ္စတွေမှာပါ အဆုံးအဖြတ် ပေးပါတယ်။
ဒီလို တိရိစ္ဆာန်တွေနဲ့ ကိုယ်စားပြုတဲ့ ရာသီခွင်စနစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ထောင်ကျော်၊ Qin မင်းဆက်လက်ထက်ကတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီယဉ်ကျေးမှုစနစ်ဟာ တရုတ် လူ့အဖွဲ့အစည်းအတွင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုစနစ်တခုပဲ ဖြစ်ပါတယ်။
အဲဒီ တိရိစ္ဆာန်တွေမှာလည်း ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေရှိနေပြီး တရုတ်လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝမှာပါ အရေးပါတဲ့ ကိစ္စတွေပါ။ အဲဒီလိုကွဲပြားအောင် ခွဲခြားထားတဲ့ တိရိစ္ဆာန် အရေအတွက်က ၁၂ ကောင် ရှိပါတယ်။ အဲဒါတွေကတော့ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး နဲ့ ဝက်တို့ပါပဲ။ နှစ်တနှစ်ကို တိရိစ္ဆာန် တကောင်ကျစီ ဖြစ်တဲ့အတွက် ၁၂ နှစ်နေမှ တကြိမ် ပြန်ရောက်ပါတယ်။
ကြွက်နှစ်မှာ မွေးတဲ့သူဟာ ချွေတာစုဆောင်းတတ်သူ ဖြစ်တယ်လို့ တရုတ်လူမျိုးတွေက လက်ခံထားကြပါတယ်။ ကြွက်နှစ်မှာ မွေးသူတွေဟာ ဘဝကို စနစ်တကျ ထူထောင်နိုင်သူဖြစ်ပြီး ငွေကြေး အခက်အခဲကြုံလာခဲ့ရင်လည်း အလွယ်တကူ ဖြေရှင်းအောင်မြင်နိုင်သူ တယောက်ပါ။
နွားနှစ်မှာ မွေးတဲ့သူကတော့ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရလေ့ ရှိပေမယ့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့ လူပါ။
ကျားနှစ်မှာ မွေးတဲ့သူကတော့ လွတ်လပ်လိုစိတ် ရှိသူတယောက်ဖြစ်ပြီး လူလေးစားခံရတဲ့ လူတယောက် ဖြစ်ပါလိမ့်မယ်။
ယုန်နှစ်မှာ မွေးဖွားသူကတော့ စကားနည်းအေးဆေးပြီး ခန့်ညား ယဉ်ကျေးသူ တယောက်လို့ ဆိုပါတယ်။
နဂါးနှစ်မှာ မွေးဖွားသူကတော့ စွန့်စားလိုစိတ် ရှိသူတယောက်ဖြစ်သလို ချစ်မှုရေးရာတွေမှာတော့ စိတ်ကူးယဉ်ဆန်သူလည်း ဖြစ်နေပါသေးတယ်။
မြွေနှစ်မှာ မွေးဖွားသူကတော့ တွေးခေါ်ပညာရှင်တယောက် ဖြစ်ပါတယ်။
မြင်းနှစ်မှာ မွေးဖွားသူဆိုရင်တော့ ဘယ်တော့မှ အညံ့မခံတတ်တဲ့ လူတယောက် ဖြစ်သလို ဆိတ်နှစ်မှာ မွေးဖွားသူကတော့ စိတ်နှလုံးဖြူစင်ပြီး လူတွေကို မေတ္တာထားတတ်တဲ့ လူတယောက်ပါ။
မျောက်နှစ်မှာ မွေးဖွားသူကတော့ ထူးထူးဆန်းဆန်းအရာကို စိတ်ဝင်စားတတ်သူ တယောက်ဖြစ်ပြီး ကြက်နှစ်မှာ မွေးဖွားသူကတော့ သူတပါး စိတ်ခံစားမှုကို နားလည်ပေးနိုင်စွမ်း ရှိတဲ့လူလို့ ဆိုပါတယ်။
ခွေးနှစ်မှာ မွေးဖွားသူဆိုရင်တော့ စကားပြောစွမ်းရည် မြင့်မားပြီး တရားသူကြီးတယောက်လို အမှုအခင်းတွေကို ဆုံးဖြတ်နိုင်စွမ်းရှိသူပါ။
ဝက်နှစ်မှာ မွေးဖွားသူကတော့ ယုတ္တိနည်းလမ်းတကျနဲ့ ဘဝပြဿနာတွေကို ဖြေရှင်းနိုင်သူ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာလည်း ဦးစီးဦးဆောင် ပြုနိုင်စွမ်းရှိတဲ့ လူမျိုးပါ။
အခုဖော်ပြပေးခဲ့တာတွေကတော့ တရုတ်လူမျိုးတွေယုံကြည်ထားတဲ့ နှစ်အလိုက် လူတယောက်ရဲ့ ကံကြမ္မာတွေပါ။
Ref : Chinesenewyear