မကြာခင်ရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးနေ့မှာ ကိုယ့်သူငယ်ချင်း တရုတ်လူမျိုးတွေကို မပေးသင့်တဲ့ လက်ဆောင်တွေ ရှိပါတယ်။ အဲဒီလို မပေးသင့်တဲ့ လက်ဆောင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ဓား (သို့မဟုတ်) ကတ်ကြေး
ပထမဆုံး မပေးသင့်တဲ့ လက်ဆောင်ကတော့ လူကို ထိလွယ် ရှလွယ်စေနိုင်တဲ့ ဓား (သို့မဟုတ်) ကတ်ကြေးပါ။ အဲဒီလိုပစ္စည်းတွေကို လက်ဆောင်ပေးခြင်းက လူနှစ်ဦးကြားမှာရှိတဲ့ သံယောဇဉ်ကို ပြတ်တောက်စေနိုင်တယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
(၂) ရှူးဖိနပ်
နောက်ထပ်မပေးသင့်တဲ့ လက်ဆောင်ကတော့ ရှူးဖိနပ်ပါ။ ရှူးဖိနပ်ကို လက်ဆောင်ပေးတာက ကံဆိုးစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
(၃) လက်ကိုင်ပုဝါ
တတိယ မပေးသင့်တဲ့ လက်ဆောင်ကတော့ လက်ကိုင်ပုဝါပါ။ လက်ကိုင်ပုဝါကိုတော့ တရုတ်လူမျိုးတွေက အသုဘ အခမ်းအနားမျိုးတွေမှာသာ ပေးလေ့ ရှိကြပါတယ်။ လက်ကိုင်ပုဝါ လက်ဆောင်ပေးခြင်းက ထာဝရအတွက် နှုတ်ဆက်လိုက်တာနဲ့ အတူတူပါပဲ။
(၄) တိုင်ကတ်နာရီ (သို့မဟုတ်) လက်ပတ်နာရီ
နောက်ထပ် မပေးသင့်တဲ့ လက်ဆောင်ကတော့ တိုင်ကပ်နာရီ (သို့မဟုတ်) လက်ပတ်နာရီပါ။ နာရီလက်ဆောင်ပေးတာကိုတော့ လုံးဝ မပေးသင့်တဲ့ လက်ဆောင်အဖြစ် တရုတ်လူမျိုးတွေက သတ်မှတ်ထားကြပါတယ်။
(၅) သစ်တော်သီး
သစ်သီးကို လက်ဆောင်ပေးတာက ကောင်းတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပေမယ့် သစ်တော်သီးကို လက်ဆောင်ပေးတာက မသင့်တော်ပါဘူး။ သစ်တော်သီးကို လက်ဆောင်ပေးတာ နှုတ်ဆက်ခွဲခွာဖို့အတွက် သင်္ကေတလို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
(၆) ပန်းစည်း
နောက်တခုကတော့ ပန်းစည်း လက်ဆောင်ပေးတာပါ။ ပန်းစည်း လက်ဆောင်ပေးတာက အသုဘ အခမ်းအနားလိုနေရာတွေမှာသာ အသုံးပြုလေ့ ရှိတဲ့အတွက် ပန်းစည်း လက်ဆောင်ပေးတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ အထူးသဖြင့်ကတော့ အဝါရောင်၊အဖြူရောင် ဂန္ဓာမာပန်းပါ။ ဒီပန်းတွေကတော့ သေခြင်းတရားကို ကိုယ်စားပြုတဲ့ ပန်းတွေလည်း ဖြစ်နေပါသေးတယ်။
(၇) ထီး
နောက်ထပ် မပေးသင့်တဲ့ လက်ဆောင်ကတော့ ထီးပါ။ ထီးလက်ဆောင်ပေးတာက လူနှစ်ယောက်ကြားကဆက်ဆံရေးကို ဖျက်ဆီးစေနိုင်တယ်လို့ တရုတ်လူမျိုးတွေက ယူဆထားကြပါတယ်။ လက်ဆောင်ပေးတဲ့နေရာမှာ အရောင်တွေကိုလည်း ဂရုစိုက်သင့်ပါသေးတယ်။
(၈) အဖြူရောင်နဲ့ အနက်ရောင်
လုံးဝ လက်ဆောင် မပေးသင့်တဲ့ အရောင်တွေကတော့ အဖြူရောင်နဲ့ အနက်ရောင်ပါပဲ။ ဒီအရောင်တွေက အသုဘလို အခမ်းအနားတွေမှာသာ အသုံးပြုတဲ့ အရောင်မျိုးတွေပါ။ ဒါကြောင့် လက်ဆောင်ပေးမယ်ဆို ဒီအရောင်တွေကို ရှောင်သင့်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်မှာ အပေးသင့်ဆုံး အရောင်ကတော့ အနီရောင်ဖြစ်ပြီး အနီရောင်ဟာ ကံကောင်းစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
(၉) မှန်
မှန်ကို လက်ဆောင်ပေးတာကလည်း တရုတ်လူမျိုးတွေကို ဘဝင်ကျစေမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် မှန်လက်ဆောင်ပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ မှန်က တစ္ဆေ သရဲတွေကို ကိုယ်စားပြုထားတာဖြစ်တဲ့အတွက် မကောင်းတဲ့ အတိတ်နိမိတ်ပါ။
(၁၀) ၄ ဂဏန်း
လက်ဆောင်ပေးတာအပြင် မသုံးသင့်တဲ့ စကားလုံးတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ နံပတ် ၄ ပါပဲ။ လက်ဆောင်ပေးတာမှာလည်း ၄ ခု မပေးကောင်းပါဘူး။ ၄ ဂဏန်းဟာ သေခြင်းကို ကိုယ်စားပြုသလို ကံဆိုးစေနိုင်တယ်လို့လည်း တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါသေးတယ်။
Ref : chinahighlights