တရုတ်နှစ်သစ်ကူးပွဲတော်ဟာ တရုတ်လူမျိုးတွေအတွက် အရေးကြီးတဲ့ ပွဲတော်တခုပါ။ ဒါကြောင့် ဒီပွဲတော်ကို တရုတ်နိုင်ငံက မြို့အများအပြားမှာ ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။ အဓိကကတော့ ရှန်ဟိုင်းလိုမြို့ပါပဲ။
ရှန်ဟိုင်းဟာ ကမ္ဘာပေါ်မှာလည်း နေထိုင်ချင်စရာ အကောင်းဆုံး မြို့တမြို့ ဖြစ်သလို တရုတ်နှစ်သစ်ကူး ပွဲတော်ကိုလည်း ခေတ်သစ်ပုံစံကော ရိုးရာပုံစံနဲ့ပါ အကြီးအကျယ် ကျင်းပလေ့ ရှိပါတယ်။ ရှန်ဟိုင်းမှာဆိုရင်တော့ ပွဲတော် ပထမရက်လောက်ကတည်းက စတိုးဆိုင်တွေကို ပိတ်ပစ်လေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ခရီးသွားတဲ့လူတွေ အဆင်ပြေနိုင်ဖို့အတွက် အရေးကြီးတဲ့ ဆိုင်တွေကို ဖွင့်ထားပေးလေ့ ရှိပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော် ရောက်လာရင်တော့ ရှန်ဟိုင်းလိုမြို့မှာ အေးအေးလူလူ အနားယူ အပန်းဖြေတာက အကောင်းဆုံးပါပဲ။ ရှန်ဟိုင်းမှာဆိုရင်တော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို နှစ်ပတ်ကြာတဲ့အထိ ကျင်းပပါလိမ့်မယ်။ အစဉ်အလာ ထုံးတမ်း ဓလေ့တွေနဲ့ ကျင်းပမယ့် နေရာကတော့ Yu ဥယျာဉ်ပါ။ ဒီဥယျာဉ်ကတော့ ဈေးဝယ်ထွက်လို့ ကောင်းတဲ့ နေရာတနေရာဖြစ်သလို တရုတ်ရိုးရာ အစားအသောက်တွေကို စားသောက်နိုင်တဲ့ ဥယျာဉ်လည်း ဖြစ်ပါသေးတယ်။
နောက်ထပ် လည်ပတ်လို့ ကောင်းတဲ့ နေရာကတော့ Nanjing လမ်းမပါ။ ဒီလမ်းမကတော့ ရှန်ဟိုင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရာ နေရာတနေရာ ဖြစ်သလို Jing’an ဘုံကျောင်းလို နာမည်ကြီး ဘုံကျောင်းတွေပေါများတဲ့ လမ်းမတခု ဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ နာမည်ကြီး မီးထွန်းပွဲတော်ကိုတော့ Fangbang လမ်းမှာ ကျင်းပမှာဖြစ်သလို Yu ဥယျာဉ်မှာဆိုရင်တော့ တရုတ်ရိုးရာဖျော်ဖြေပွဲ အများအပြားကို ကျင်းပပါလိမ့်မယ်။ နောက်ထပ် နာမည်ကြီး နေရာကတော့ Longhua လမ်းပေါ်မှာရှိတဲ့ Longhua တရုတ်ဘုံကျောင်းပါ။ အဲဒီဘုံကျောင်းမှာဆိုရင် နှစ်စဉ်လိုလိုပဲ တရုတ်ရိုးရာထုံးတမ်းဓလေ့နဲ့ သက်ဆိုင်တဲ့ပွဲတော်တွေကို ကျင်းပလေ့ရှိသလို ရှန်ဟိုင်းရဲ့ သက်တမ်းအရင့်ဆုံး ဘုံကျောင်းဆိုရင်လည်း မမှားပါဘူး။
ရှန်ဟိုင်း Disney အပန်းဖြေစခန်းမှာဆိုရင်လည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် အစီအစဉ်တွေကို စီစဉ်ထားပေးပါသေးတယ်။ Guyi ဥယျာဉ်မှာဆိုရင်လည်း ရိုးရာဖျော်ဖြေပွဲ အများအပြားကို စီစဉ်ထားပေးတဲ့အတွက် ပျော်စရာကောင်းမှာ အမှန်ပဲ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာကတော့ အစားသောက်ပါ။ ရှန်ဟိုင်းမှာ နာမည်ကြီးတဲ့ အစားအစာကတော့ ဖက်ထုပ်ပါပဲ။ ဒီအစားအစာက ရှန်ဟိုင်းရဲ့ နာမည်ကြီး အစားအသောက်လည်း ဖြစ်နေပါသေးတယ်။
နောက်ထပ် တမျိုးကတော့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ စားသောက်လေ့ ရှိတဲ့ Takecai ပါ။ ဒီအစားအသောက်ကတော့ ဟင်းသီးဟင်းရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ဟင်းတမျိုးပါပဲ။ နောက်ထပ် မပါမဖြစ်တဲ့ ဟင်းလျာကတော့ ငါးဟင်းပါ။ ဒီဟင်းကိုတော့ ရှန်ဟိုင်း တရုတ်နှစ်သစ်ကူးပွဲတော် အတွက် အထူးစီမံပြုလုပ်ထားတဲ့ ဟင်းလျာပါပဲ။
တရုတ်နှစ်သစ်ကူးပွဲတော် ကာလဟာ တရုတ်နိုင်ငံမှာ အလုပ်အရှုပ်ဆုံး အချိန်ပါ။ ဒီလိုနေ့မျိုးတွေမှာဆိုရင်တော့ တရုတ်လူမျိုးအပြားဟာ ကိုယ့်မွေးရပ်မြေဆီကို အလည်ပြန်လာလေ့ ရှိကြပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ကမ္ဘာအရပ်ရပ်မှာ ကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်
ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်
Ref : Chinahighlights