တရုတ်နှစ်သစ်ကူးပွဲတော်ဟာ တရုတ် လူ့အဖွဲ့အစည်းမှာ အရေးကြီးတဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲတော်မှာအရေးကြီးတာကတော့ သင့်တော်တဲ့ လက်ဆောင်ပစ္စည်းကို ရွေးချယ်ပေးတတ်ဖို့ပါ။ တရုတ်နှစ်သစ်ကူးပွဲတော့မှာ ခင်ရာမင်ရာ ဆွေမျိုးတွေကို အပေးသင့်ဆုံး လက်ဆောင် ၆ မျိုး ရှိပါတယ်။
အဲဒါတွေကတော့
(၁) စာအိတ်အနီထဲ ထည့်ထားတဲ့ အန်ပေါင်း
(၂) စီးကရက်
(၃) အရက်
(၄) လက်ဖက်ခြောက်
(၅) သစ်သီးနဲ့
(၆) ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေပါပဲ။
ဒီပစ္စည်းတွေကိုတော့ ဆွေမျိုးတွေရှိရာ အလည်အပတ်သွားတဲ့အခါ အပေးသင့်ဆုံး ပစ္စည်းတွေပါ။
မိဘနဲ့ ယောက္ခထီး၊ ယောက္ခမတွေကို ပေးသင့်တဲ့ လက်ဆောင်ကတော့ ကျန်းမာရေးလုပ်နိုင်ဖို့ ကြံ့ခိုင်ရေးပစ္စည်းတွေနဲ့ အဝတ်အထည်၊ အစားအသောက်လို အရာမျိုးတွေပါ။ ကုလားထိုင် တလုံးနဲ့ ခေါင်းအုံးလို အရာမျိုးတွေက လူကြီးသူမတွေကို အပေးသင့်ဆုံး လက်ဆောင်ပါ။ နောက်ပြီး ဂျင်ဆင်းနဲ့ ငှက်သိုက်လို အရာမျိုးတွေကိုလည်း လက်ဆောင်ပေးသင့်ပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်မှာ ကလေးတွေ သဘောအကျဆုံးအရာကတော့ အနီရောင် စာအိတ်ထဲ ထည့်ထားတဲ့ အန်ပေါင်းပါ။ နောက်ပြီး ချိုချဉ်၊ သကြားလုံး၊ ကစားစရာအရုပ်နဲ့ ကျောင်းသုံးပစ္စည်းတွေလည်း ကလေးတွေကို လက်ဆောင်ပေးသင့်ပါတယ်။
ချစ်သူကောင်လေးအတွက် လက်ဆောင်ပေးချင်တယ်ဆိုရင် ခေါက်ပိုက်ဆံအိတ်၊ မုတ်ဆိတ်ရိတ်စက်၊ ခါးပတ်နဲ့ မီးခြစ်လို အရာမျိုး လက်ဆောင်ပေးသင့်ပါတယ်။ ချစ်သူ မိန်းကလေးအတွက်ဆိုရင်တော့ နှုတ်ခမ်းနီတောင့်၊လည်ဆွဲ၊ ရေမွှေးနဲ့ ချောကလက်လို အရာမျိုးတွေ လက်ဆောင် ပေးသင့်ပါတယ်။
လက်ဆောင်ပေးတဲ့အခါမှာလည်း အရောင်တွေကို ရွေးချယ်ပေးသင့်ပါတယ်။ အဖြူနဲ့ အနက်လို အရောင်မျိုးတွေက လုံးဝမပေးသင့်တဲ့ အရောင်မျိုးတွေဖြစ်ပြီး အနီ၊ အဝါနဲ့ ရွှေရောင်မျိုးတွေကိုသာ ရွေးချယ်ပေးသင့်ပါတယ်။
လက်ဆောင်ပေးတဲ့အခါမှာလည်း စုံကိန်းကိုသာ ပေးသင့်ပြီး မကိန်းကိုတော့ မပေးသင့်ပါဘူး။ တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်လူမျိုးတွေကို လက်ဆောင် ၃ ခု ပေးတာကလည်း အင်မတန် မယဉ်ကျေးတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
တရုတ်နှစ်သစ်ကူးမှာ မပေးသင့်တဲ့ လက်ဆောင် ၁၀ မျိုး
တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ရှောင်ကြဉ်ရမည့် အချက်များ
Ref : travelchinaguide