မြန်မာနိုင်ငံဟာ သက်ဆိုင်ရာလအလိုက် ကျင်းပတဲ့ ပွဲတော်တွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ခရစ်သက္ကရာဇ်ကို သိပ်အသုံးပြုလေ့မရှိဘဲ မြန်မာသက္ကရာဇ်ကိုသာ အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့်လည်း မြန်မာသက္ကရာဇ်ကို သိထားဖို့ လိုပါတယ်။
ယခုရောက်ရှိနေတဲ့ သက္ကရာဇ်ဟာ ၁၃၈၀ ခုနှစ်ဖြစ်ပြီး တပို့တွဲလပါ။ ဒါကြောင့်လည်း တပို့တွဲ လပြည့်မှာ ကျင်းပမယ့် ထမနဲထိုးပွဲ ရှိပါတယ်။ ခရစ်သက္ကရာဇ်နဲ့ တွက်မယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ပါ။ တပို့တွဲ လပြည့်နေ့ဟာ ထမနဲထိုးပွဲဖြစ်သလို မြတ်စွာဘုရားရှင်တွေက ရဟန်းတော်တွေကို သြဝါဒ ပါတိမောက် ပေးတဲ့နေ့ပါ။
ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းက ရဟန်းတော်တွေကို တပို့တွဲ လပြည့်နေ့မှာ သြဝါဒ ပါတိမောက် ပေးလေ့ ရှိကြပါတယ်။ ဒီနေရာမှာ ပါတိမောက် နှစ်မျိုးရှိတာ သိထားဖို့ လိုအပ်ပါတယ်။ အဲဒါတွေကတော့
(၁) သြဝါဒပါတိမောက်
(၂) အာဏာပါတိမောက် ဆိုတာပါပဲ။
သြဝါဒပါတိမောက်ဆိုတာကတော့ ရဟန်းတွေကို မြတ်စွာဘုရားရှင်တွေက ဆုံးမလေ့ရှိတဲ့ စကားပါ။ ဆုံးမတဲ့ ဂါထာတော်တွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ “မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ အနက် ရပါတယ်။
တပို့တွဲလပြည့်နေ့တိုင်းမှာဒီစကားတွေကိုသာ ဘုရားရှင်တိုင်းက ရဟန်းတော်တွေကို မှာကြားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း အခုရောက်နေတဲ့ တပို့တွဲလဟာ ဗုဒ္ဓဘာသာနဲ့ ရဟန်းတော်တွေအတွက်တော့ ထူးခြားတဲ့ လတလပါ။
အာဏာပါတိမောက် ဆိုတာကတော့ မြတ်စွာဘုရားပညတ်ထားခဲ့ပြီး ရဟန်းတော်တွေ အနေနဲ့ မဖြစ်မနေလိုက်နာရမယ့် ဝိနည်းစည်းကမ်းတွေကို ဆိုလိုပါတယ်။ အာဏာ ပါတိမောက်ကိုတော့ လပြည့်လကွယ်နေ့တိုင်း ပါတိမောက် ပြရပါတယ်။ အာဏာပါတိမောက်ပြတယ် ဆိုတာကတော့ ရဟန်း ၅ ပါးနဲ့အထက်ရှိရင် အဲဒီ ရဟန်းတွေကို သိမ်ထဲ စုစည်းစေပြီး ရဟန်းတပါးက ဝိနည်းစည်းကမ်းတွေကို ရေရွတ်ပြရတာပါ။
တပို့တွဲလပြည့် မရောက်ခင် မြန်မာနိုင်ငံမှာ နောက်ထပ်ကျင်းပတဲ့ ပွဲတော်တွေလည်း ရှိပါသေးတယ်။ အဲဒီပွဲတော်တွေကတော့ မန္တလေး မဟာမြတ်မုနိဘုရားပွဲ ၊ သန်လျင် ကျိုက်ခေါက်ဘုရားပွဲ စတာတွေပါ။
မန္တလေး မဟာမြတ်မုနိပွဲတော်ကိုတော့ တပို့တွဲလဆန်း ၅ ရက်နေ့ကနေ တပို့တွဲလပြည့်အထိ ကျင်းပပါလိမ့်မယ်။ ခရစ်သက္ကရာဇ်နဲ့ တွက်မယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိပါ။ ဒီရက်ပိုင်းတွေမှာဆိုရင်တော့ ထောင်ပေါင်းများစွာသော ခရီးသွားဧည့်သည်တွေဟာ မဟာမြတ်မုနိဘုရားဖူးဖို့ လာရောက်လေ့ ရှိကြပါတယ်။
နောက်ထပ်ကျင်းပမယ့်ပွဲတော်ကတော့ သန်လျင်ကျိုက်ခေါက်ပွဲတော်ပါပဲ။ သန်လျင် ကျိုက်ခေါက်ပွဲတော်ကိုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ကျင်းပပါလိမ့်မယ်။ အဲဒီပွဲတော်မှာဆိုရင် ပြည်တွင်းဖြစ်ပစ္စည်းအမျိုးမျိုး ၊ အိမ်ထောင်ပရိဘောဂအမျိုးမျိုးနဲ့ ဝါးဖျာတွေကို ဝယ်ယူနိုင်ပါတယ်။ ဇာတ်ပွဲ ၊ အငြိမ့်ပွဲတွေကိုလည်း ကျင်းပပေးလေ့ ရှိပါတယ်။
Ref : ဘုရားဥပဒေတော်ကြီး ၊ travel-myanmar.net