နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာတယ်ဆိုတာ ဘဝအတွက် အကောင်းဆုံး သင်ခန်းစာပါ။ ယဉ်ကျေးမှုကို လေ့လာခြင်းက အဲဒီနိုင်ငံရဲ့ လူနေမှုစနစ်ကို အကောင်းဆုံး သိနိုင်တဲ့ နည်းလမ်းပါပဲ။ ဒီအချက်က ကိုယ်ခရီးသွားတဲ့အခါ အကောင်းဆုံး အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။
ယဉ်ကျေးမှုတိုင်းမှာ သူ့ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းနဲ့ သူ့ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုဆိုတာ သီးခြားရှိတဲ့အရာတွေပါ။ သူတပါးရဲ့ ယဉ်ကျေးမှုကိုလေ့လာခြင်းက ဒေသခံတွေနဲ့ ဆက်ဆံတဲ့အခါ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်သလို နားလည်မှုလွဲစေနိုင်တဲ့ အသေးအဖွဲ ကိစ္စတွေကိုလည်း ရှောင်လွဲနိုင်ပါလိမ့်မယ်။ အခု ဖော်ပြပေးမယ့်အချက်အလက်တွေကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးကြီးတဲ့ မရှိမဖြစ် လိုအပ်တဲ့ ယဉ်ကျေးမှုစနစ်တွေပါပဲ။
(၁) မိသားစု
မြန်မာ့ယဉ်ကျေးမှုစနစ်မှာ မိသားစုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မိသားစုတစုမှာ ဖခင်က အိမ်ထောင်ဦးစီးနေရာကို ယူထားလေ့ ရှိတတ်ပါတယ်။ ဝင်ငွေ လစာအနေနဲ့ကလည်း မိခင်ဖြစ်သူထက် ပိုရှာရလေ့ရှိပြီး မိသားစုရဲ့ကုန်ကျစရိတ်တွေကို တာဝန်ယူရလေ့ ရှိပါတယ်။
အစဉ်အလာအရဆိုရင်လည်း ငယ်ရွယ်သူတွေက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရလေ့ ရှိပါတယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ခြင်းက ကျွေးမွေးပြုစုလာခဲ့ကြတဲ့ လူကြီးမိဘတွေကို အကောင်းဆုံး ကျေးဇူးဆပ်နည်းတမျိုးလို့ ယူဆထားကြပါတယ်။ ယေဘုယျအားဖြင့်တော့ အတတ်ပညာတွေ စုံသွားပေမယ့်လည်း အိမ်ထောင် မပြုရသေးမချင်း မိဘတွေနဲ့ အိမ်ခွဲနေလေ့ မရှိကြပါဘူး။
(၂) ယောကျ်ား၊ မိန်းမ ခွဲခြားမှု
ယောကျ်ား၊ မိန်းမ ခွဲခြားထားမှုကလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ ထင်ရှားတဲ့ ကိစ္စတခုပါ။ ဒီအချက်ကလည်း အနောက် နိုင်ငံအများစုနဲ့ ကွာခြားနေပါတယ်။ ဥပဒေဆိုင်ရာ အခွင့်အလမ်းတွေမှာ ကွဲပြားခြားနားမှု မရှိပေမယ့် ဘာသာရေးအရတော့ ခွဲခြားထားမှုတွေ ရှိပါတယ်။ ဘာသာရေးအရဆိုရင်တော့ ယောကျ်ားဖြစ်သူဟာ အမြင့်ဆုံးနေရာကို ယူထားကြပါတယ်။ ဒါကြောင့်လည်း ဘုရားကျောင်းကန်လို နေရာမျိုးတွေမှာ “အမျိုးသမီး မဝင်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့နေရပါတယ်။
မြန်မာအစဉ်အလာ စည်းကမ်းချက်တွေမှာဆိုရင်လည်း အမျိုးသမီးဟာ အိမ်နေရင်း ကလေးထိန်းဖို့နဲ့ အိမ်ထောင်မှုကိစ္စတွေကို ဆောင်ရွက်ဖို့ပါ။ ဒီအချက်ကတော့ အခုအခါမှာ ပြောင်းလဲလာခဲ့ပါပြီ။ ဒါကြောင့်လည်း မြန်မာလူ့အဖွဲ့အစည်းမှာ အမျိုးအသီးတွေဟာ ယောကျ်ားတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်အကိုင် အခွင့်အရေးကို ရရှိလာကြပါတယ်။
(၃) ဝတ်စားဆင်ယင်မှု
မြန်မာ့အစဉ်အလာ ဝတ်စားဆင်ယင်မှုက တခြားနိုင်ငံတွေနဲ့ ကွဲပြားခြားနားမှုရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေဟာ လုံခြည်နဲ့ ထမီ ဝတ်ဆင်လေ့ရှိကြတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရတဲ့အခါ တအံ့တသြဖြစ်ရပါတယ်။ တကယ်တော့ ဒီအချက်က တကယ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေတိဂုံ ဘုရားလို နေရာမျိုးကို သွားတဲ့အခါ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ တားမြစ်ချက်တွေ ရှိနေလို့ပါပဲ။
ရွှေတိဂုံဘုရားကို သွားတဲ့အခါမှာတော့ ဒူးပေါ်၊ ပေါင်ပေါ်စေတဲ့ အဝတ်အစားမျိုးတွေကို ဝတ်လို့ မရပါဘူး။ ဒီအယူအဆဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အချက် မဟုတ်ပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အချက်တချက်ပါ။
(၄) အစားအသောက်
မြန်မာအစားအသောက် အများစုကတော့ စားလို့မြိန်တဲ့ အစားအသောက်တွေပါ။ ချက်ထားတဲ့ အစားအစာ တွေကတော့ နိုင်ငံခြားသားတွေအတွက်ဆို အဆီပြန်ပြီး ချိုကောင်းချိုနေပါလိမ့်မယ်။ ဒါပေမဲ့ အနံ့က ဆွဲဆောင်မှုရှိသလို စားတဲ့အခါမှာလည်း အရသာ ရှိနေပါလိမ့်မယ်။ အဲဒီ အစားအသောက်တွေထဲကမှ တကယ်အရသာရှိတာကတော့ လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်ပါ။
လက်ဖက်ရည်ဆိုင်တွေကလည်း မြန်မာ့ လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ နေရာက ရှိနေပါသေးတယ်။ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဆုံတွေ့လေ့ ရှိကြတဲ့ နေရာတနေရာဖြစ်သလို အလုပ်ကိစ္စတွေ တိုင်ပင်ဆွေးနွေးရာနေရာပါ။ နောက်တခုကတော့ ကွမ်းစားလေ့ ရှိကြတာပါ။ ဒါကြောင့်လည်း ဘယ်လမ်းသွားသွား ကွမ်းယာဆိုင်တွေနဲ့ မလွတ်နိုင်ပါဘူး။
(၅) ဝိုင်းခြင်း
ဝိုင်းခြင်းခတ်တာကလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အားကစားတမျိုးပါပဲ။ နိုင်ငံခြားသားတွေအနေနဲ့ကတော့ မြန်မာနိုင်ငံကို လာရောက်ကြတဲ့အခါ လမ်းဘေးတွေမှာ ဝိုင်းခြင်း ခတ်ကစားနေတာတွေတွေ့ရတဲ့အခါ သဘောကျလေ့ ရှိပါတယ်။ ဝိုင်းခြင်းအပြင် နောက်ထပ်ထင်ရှားတဲ့အားကစားတမျိုးကတော့ ဘောလုံးကန်တာပါပဲ။
(၆) ကိုးကွယ်ယုံကြည်မှု
မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကတော့ ဗုဒ္ဓဘာသာဝင်တွေပါ။ ဒါပေမဲ့လည်း နက္ခတ္တ၊ ဗေဒင်နဲ့ အကြားအမြင်ဆိုင်ရာ ယုံကြည်မှုတွေကလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ တွေ့နေရတုန်းပါပဲ။ ဒီကိစ္စတွေကို မင်္ဂလာဆောင် အခမ်းအနား၊ ကလေး ကင်ပွန်းတပ်၊ စီးပွားရေးဆိုင်ရာနဲ့ တခြား အရေးပါတဲ့ ကိစ္စတွေမှာ အသုံးပြုကြပါတယ်။ နောက်ပြီး နတ်ကိုးကွယ်မှုတွေလည်း ရှိပါသေးတယ်။
Ref : myanmar-diaries