“ သပြေညို ”
သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။ ။
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျက်ပါကို။ ။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်၊
လေချိုက အသွေး။ ။
လင်းကြက် အဆော် ၊
ကွင်းထက်မှာ တူပျော်ပျော်နဲ့ ၊
စည်တော်ကို ရည်မျှော် မှန်းကာပ ၊
ရောင်နီမှာ အောင်စည် ရွမ်းရအောင် ၊
သပြေညို ရွှေဘိုပန်းရယ်နဲ့ ၊
လှမ်းကြစို့လေး။ ။
(မူရင်းသတ်ပုံအတိုင်း)
ဒီကဗျာကို ဆရာကြီးမင်းသုဝဏ်က အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်နယ်မှာ ၁၉၃၈ ၊ ဇန်နဝါရီလ ၄ ရက်နေ့မှာရေးခဲ့ပါတယ်။ စာပြီးရက်စွဲကိုကြည့်ရင်တော့ လွတ်လပ်ရေးမရခင် ၁၀ နှစ်စောပြီးရေး သားခဲ့တဲ့ကဗျာပဲ ဖြစ်ပါတယ်။
ခေတ်စမ်းစာပေရဲ့ နေတစင်းလို့တင်စားခေါ်ဝေါ်ခံရတဲ့ ဆရာကြီးမင်းသုဝဏ်ကို ၁၉၀၉ခုနှစ် ၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် အခုဆိုရင်တော့ ဆရာကြီးမင်းသုဝဏ်ဟာ အသက် ၁၁၀ ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။မွေးဖွားရာဇာတိကတော့ ကွမ်းခြံကုန်းမြို့ ဖြစ်ပြီး မိဘ တွေကတော့ ဦးလွမ်းပင် နဲ့ ဒေါ်မိ ပါ။ ဆရာကြီးတို့မိသားစုကတော့ မွန် – မြန်မာလူမျိုးတွေဖြစ် ကြပြီး ကုန်သည်မျိုးရိုးတွေပါ။
မွေးချင်း ၇ ယောက်မှာ ဆရာကြီးက ဒုတိယမြောက်သားတယောက်ဖြစ်ပြီး ဆရာကြီးရဲ့ ငယ်နာ မည်ကတော့ မောင်လှမောင်ဖြစ်ပြီး နောက်ပိုင်းမှာတော့ မောင်လှဝံဆိုပြီး နာမည် ပြောင်းခဲ့ပါတယ်။ စာပေအသိုင်းအဝိုင်းမှာတော့ ဆရာကြီးကို ဦးဝဏ်လို့ ချစ်စနိုးခေါ်ကြပါတယ်။
ဆရာကြီးဟာ ၁၉၁၆ခုနှစ်မှာတော့ ကွမ်းခြံကုန်းမြို့က ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလှိုင်ကျောင်း) မှာ မူလတန်းပညာကို စတင်သင်ကြားခဲ့ပြီး ၁၉၂၁ ခုနှစ်မှာတော့ ကွမ်းခြံ ကုန်းအမျိုးသားကျောင်းကိုပြောင်းရွှေ့ ပြီး အင်္ဂလိပ်မြန်မာ ၂ ဘာသာကိုသင်ယူခဲ့ပါတယ်။ ၁၉၂၃ ခု နှစ်မှာတော့ ရန်ကုန်မြို့ ၊ ဆရာမှတ်ကြီးကျောင်း (စိန်ဂျွန်းကျောင်း)ကိုပြောင်းရွှေ့ ပြီး ပညာဆက် လက်သင်ကြားခဲ့ပါတယ်။
ဆရာကြီးဟာကျောင်းနေစဉ်အရွယ် ငယ်စဉ်ကတည်းကပဲ ကဗျာရေးသားနည်းကိုသင်ကြား ခဲ့ပြီး ၁၉၂၆ ခုနှစ်မှာတော့ ဒဂုန်မဂ္ဂဇင်းမှာ ပထမဆုံးကဗျာဖော်ပြခံခဲ့ရပါတယ်။ ၁၉၃၁ မတ်လမှာ တော့ မြန်မာစာဂုဏ်ထူးနဲ့ ပထမနှစ်အောင်မြင်ခဲ့ပေမယ့် မိဘတွေစီးပွားပျက်တဲ့အတွက် ကျောင်း ထွက်ပြီး ကွမ်းခြံကုန်းမြို့ကိုပြန်ခဲ့ရပါတယ်။ ကွမ်းခြံကုန်းမြို့ကိုရောက်တော့ ကွမ်းခြံကုန်းအမျိုးသား ကျောင်းမှာကျောင်းအုပ်ဝင်လုပ်ခဲ့ပြီး ကလေးကဗျာတွေကို စတင်ရေးသားခဲ့ပါတယ်။
ဆရာကြီးရဲ့ ပညာဉာဏ်အစွမ်းကိုသိနေတဲ့ ဆရာကြီးဦးဖေမောင်တင်က ကျောင်း တက်ဖို့ပြန်ခေါ်တဲ့အခါမှာတော့ ကျောင်းအုပ်အလုပ်ကထွက်ပြီး တက္ကသိုလ်ပြန်တက်ခဲ့ပါတယ်။ ၁၉၃၃ မတ်လမှာတော့ ဝိဇ္ဇာဂုဏ်ထူးတန်းကို မြန်မာစာ ပထမအဆင့်နဲ့အောင်မြင်ခဲ့ပြီး ၁၉၃၅ မတ်လအထိ မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြလုပ်ခဲ့ပါတယ်။
၁၉၃၆ ခုနှစ်မှာတော့ ပညာသင်ဆုရတဲ့အတွက် အင်္ဂလန်နိုင်ငံ ၊ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ဆရာကြီးဟာ သက္ကဋ ၊ ပါဠိနဲ့တိဗက်စာပေတွေကိုလည်း ကျွမ်းကျင်သူ တယောက်ပါ။ ၁၉၃၉ ၊ အောက်တိုဘာလ မှာတော့ အောက်စဖို့တက္ကသိုလ်ကနေ စာပေဝိဇ္ဇာဘွဲ့ (B.Litt)ရရှိခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
ဆရာကြီးဟာ မြန်မာစာပေအရေးအသားတွေမှာ မွေ့လျော်သူဖြစ်တဲ့အတွက် ဆရာကြီးရေး သားခဲ့တဲ့ စာအုပ်တွေ ကအများကြီးပါပဲ။ အထူးသဖြင့်ကတော့ ကလေးသူငယ်တွေအတွက် လိုအပ် နေတဲ့ စာပေအမျိုးအစားတရပ်ဖြစ်တဲ့ ကလေးကဗျာတွေ ၊ ကလေးပုံပြင်တွေကို ရေးသားခဲ့တာပါပဲ။
ဒါကြောင့်လည်း ၁၉၄၀ ခုနှစ်မှာတော့ “ မောင်ခွေးဖို့ ကလေးကဗျာများ ”ဆိုတဲ့စာအုပ်ကို ထုတ်ေ ဝ ခဲ့ပါတယ်။
ဆရာကြီးရဲ့ ကျော်ကြားတဲ့ကဗျာတွေအများကြီးရှိရာမှာ “ပျဉ်းမငုတ်တို ” ကဗျာကလည်း အင်မတန်ကို ထင်ရှားပါတယ်။ ဒီကဗျာမှာဆိုရင်တော့ ဆရာကြီးဟာ လူသားတို့ရဲ့အားမာန်နဲ့ လူသား တို့ရဲ့ စွမ်းအင်အကြောင်းကို ထည့်သွင်းစပ်ဆိုခဲ့ပါတယ်။ “ ပျဉ်းမငုတ်တို ”ကဗျာကတော့ မြန်မာနိုင်ငံ မှာသာမက ကမ္ဘာမှာပါ ကျော်ကြားတဲ့ ကဗျာတပုဒ်ပါ။ ဒါကြောင့်လည်း ဒီကဗျာဟာ ဆရာကြီး သက်ရှိထင်ရှားရှိနေစဉ်မှာပဲ အမေရိကန်နိုင်ငံကထုတ်ဝေတဲ့ “The World’s Great Living Poets” စာအုပ်မှာပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဆရာကြီးရဲ့ ကြိုးပမ်းအားထုတ်မှုတွေအများကြီးရှိတဲ့အနက်က အရေးကြီးတာတခုက မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီးပေါ်ပေါက်လာအောင် ကြိုးပမ်းအားထုတ်ခဲ့တာပါပဲ။ ဘာ သာပြန်စာပေအသင်းကြီး ပေါ်ပေါက်လာတဲ့ အခါမှာတော့ ဆရာကြီးက ဝေါဟာရကော်မတီမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဆရာကြီးဟာ သူ့ပုခုံးပေါ်ကိုကျရောက်လာတဲ့တာဝန်တိုင်းကို ကျေပွန်အောင်ထမ်းဆောင် နိုင်ခဲ့တာချည်းပါပဲ။ စာရေးဆရာ ၊ ကဗျာဆရာ ၊ မြန်မာစာပါမောက္ခ ၊ ခေတ်စမ်းစာပေဦးဆောင်ခဲ့သူ အစရှိတဲ့ ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ဟာ မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက်သမ္မတ ဦးထင်ကျော်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။
ဆရာကြီးမကွယ်လွန်ခင်တုန်းကလည်း ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ကမာရွတ်မြို့ နယ်ကနေ အမတ်အ ဖြစ် ဝင် ရောက်အရွေးခံခဲ့ရာမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။
ကြီးမြတ်သူတို့သွားရာလမ်းဟာ ဘယ်တော့မှတိမ်ကောရိုးထုံးစံမရှိပါဘူး။ ဒါကြောင့်လည်း ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာကွယ်လွန်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ဂုဏ်သတင်းဟာ မပျောက်ကွယ်နိုင်ခဲ့ပါဘူး။
Ref : wikipedia.