ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်တုန်းက မင်္ဂလာပါ နှစ် ၁၀၀ လို့နှုတ်ဆက်ခဲ့ကြတဲ့ ပန်းချီဆရာနှစ်ဦးဟာ အခုလည်း မင်္ဂလာပါ ၁၀၄ လို့ နှုတ်ဆက်ကြပြန်ပါတယ်။ ပန်းချီအမ်ပီပီရဲမြင့်နဲ့ ပန်းချီဟန်ကျော်မိုးတို့က သူ့တို့ရဲ့အနုပညာနဲ့ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသလို Yangon Book Plaza တည်ထောင်သူ မြေမှုန်လွင်ကလည်း သူ့ရဲ့ we creation ပန်းချီပြခန်းသစ်ကို ဗိုလ်ချုပ်ရဲ့အသက် ၁၀၄ နှစ်ပြည့် ဂုဏ်ပြုပန်းချီပြပွဲနဲ့ပဲ စတင်ဖွင့်လှစ်လိုက်ပါတယ်။
Mingalarpar 104 ပန်းချီပြပွဲကို လမ်းမတော် (သံဈေး) Yangon Book Plaza က We creation Art Gallery မှာ ပြသသွားမှာ ဖြစ်ပါတယ်။
ပြခန်းထဲမှာ ဗိုလ်ချုပ်ရဲ့ အထင်ကရ သမိုင်းဝင်ဖြတ်သန်းမှု ပုံရိပ်တွေကို အားကောင်းပြီး မတူညီတဲ့ ဖန်တီးမှုပုံစံ အမျိုးမျိုးရေးဆွဲထားတာကို တွေ့ရမှာဖြစ်ပါတယ်။ စုတ်ချက် ခပ်ကြမ်းကြမ်းနဲ့ရေးဆွဲထားတဲ့ အမ်ပီပီရဲမြင့်ရဲ့ ဗိုလ်ချုပ်မျက်နှာပုံပန်းချီကားက ပီပြင်အသက်ဝင်လှပြီး ပန်းချီကားမှာရေးဆွဲထားတဲ့ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်ကလည်း ယနေ့ခေတ်အထိ လိုက်နာကျင့်သုံးစရာ ဖြစ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ပင်နီစပေါ်မှာ CD Pen နဲ့ ရေးဆွဲထားတဲ့ပုံတွေကလည်း ဗိုလ်ချုပ်ရဲ့ တည်ကြည်တဲ့ နိုင်ငံရေးသိက္ခာ၊ တိုင်းရင်းသားတွေရဲ့ ချစ်ခင်ယုံကြည်ခြင်းတွေကို ကိုယ်စားပြုနေသလို ပန်းချီအမ်ပီပီရဲမြင့်ရဲ့ ပန်းချီအနုပညာအယူအဆတွေလည်း ထင်ဟပ်လို့နေပါတယ်။
“ပင်နီကမြန်မာ့ရိုးရာလေ၊ ဗိုလ်ချုပ်ပုံကို ဒီမှာဆွဲလိုက်တော့ အရမ်းလိုက်ဖက်သွားတယ်။ ရေရှည်ခိုင်ဖို့ ဘာညာ ကျနော် ခေါင်းထဲမထည့်ဘူး။ အနုပညာဖန်တီးခွင့်၊ လွတ်လပ်မှုက အဓိက အနှစ်သာရပဲလေ` လို့ ပန်းချီအမ်ပီပီရဲမြင့်က ဆိုပါတယ်။
ပန်းချီဟန်ကျော်မိုးကတော့ သူ့ရဲ့ပန်းချီကားတွေမှာ ဗိုလ်ချုပ်နဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကလေးဘဝပုံရိပ်တွေကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီပန်းချီကားတွေကတဆင့် ဗိုလ်ချုပ်တို့သားအဖရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကို သင်္ကေတပြု ဖော်ကျူးထားတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ပန်းချီနဲ့ပတ်သက်လို့ သူ့ခေတ်သူ့အခါက စာနယ်ဇင်းမျက်နှာဖုံးပန်းချီတွေကို ကြည့်ရှု့ဝေဖန်လေ့ရှိပြီး ဂျပန်ခေတ် စစ်ပန်းချီဌာနတည်ထောင်ရာမှာ ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့ ရွှေတောင်တိုက်ပွဲပန်းချီကားကြီးကို အထူးသဘောကျခဲ့တယ်လို့ ဆရာတက္ကသိုလ်နေဝင်းရဲ့ မှတ်တမ်းများအရ သိရပါတယ်။
ဒီ Mingalarpar 104 ပြပွဲမှာ ပန်းချီကား ၅၀ ကျော်ပြသသွားမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ ၂ သိန်းကျပ်ကနေ သိန်း ၂၀ အထိသတ်မှတ်ထားပါတယ်။
ဒီပန်းချီပြပွဲကိုတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး ပထမဆုံး လာတဲ့လူအယောက် ၁၀၀ ကို ဗိုလ်ချုပ်ကိုယ်တိုင် ငယ်ငယ်ကဆွဲခဲ့တဲ့ ပန်းချီလက်ရာ ပို့စ်ကတ်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ we creation ပန်းချီပြခန်းက ဧည့်ခံတဲ့ ပဲပြုတ်၊ နံပြားကို စားရင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကိုလည်း စိတ်ကြိုက်ဝယ်ယူ စုဆောင်းနိုင်မှာဖြစ်ပါတယ်။