ဂျပန်နိုင်ငံရဲ့ ချစ်သူများနေ့ဟာ တခြားနိုင်ငံတွေနဲ့ မတူဘဲ တမူကွဲပြားပါတယ်။ ဂျပန်နိုင်ငံရဲ့ ချစ်သူများနေ့မှာဆိုရင်တော့ မိန်းကလေးက ယောကျ်ားလေးကို လက်ဆောင်ပေးလေ့ ရှိကြပါတယ်။ အများအားဖြင့်တော့ ချောကလက် လက်ဆောင် ပေးတာပါပဲ။
ချောကလက်ပေးရာမှာလည်း နှစ်မျိုး နှစ်စား ခွဲခြားထားပါတယ်။ အဲဒီချောကလက် အမျိုးအစားတွေကတော့ Giri ချောကလက်နဲ့ Honmei ချောကလက်တွေပါ။ Giri ချောကလက်ကိုတော့ လုပ်ဖော်ကိုင်ဖက် ယောကျ်ားလေး သူငယ်ချင်းတွေကို ပေးလေ့ ရှိပါတယ်။ နောက်ပြီး ဆွေမျိုးနီးစပ်တော်တဲ့ ယောကျ်ားလေးတွေကို ပေးလေ့ ရှိပါတယ်။
Giri ချောကလက်ကတော့ အချစ်ဇာတ်လမ်းတွေ ပါဝင်ပတ်သက်မှု မရှိဘဲ တာဝန်အရ ပေးရတဲ့ ချောကလက် အမျိုးအစားပဲ ဖြစ်ပါတယ်။ Honmei ချောကလက်ကတော့ ချစ်သူကောင်လေးတွေနဲ့ ခင်ပွန်းသည်ကို ပေးလေ့ရှိတဲ့ ချောကလက် အမျိုးအစား ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် စတိုးဆိုင်အသီးသီးတွေက ဇန်နဝါရီလလယ်လောက်ကတည်းကနေ ချောကလက်ကို စတင် ရောင်းချနေကြပါပြီ။ ဂျပန်နိုင်ငံမှာ ချစ်သူမျာနေ့အပြင် မတ်လ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ White Day ဆိုတာလည်း ရှိပါသေးတယ်။ White Day မှာဆိုရင်တော့ အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ဝယ်ပေးလေ့ ရှိကြပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာတော့ အမျိုးသမီးတွေက အမျိုးသားတွေကို လက်ဆောင်ဝယ်ပေးလေ့ ရှိကြပြီး မတ်လ ၁၄ ရက် White Day မှာတော့ အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ဝယ်ပေးလေ့ ရှိကြပါတယ်။ ဒီအစဉ်အလာကို ဂျပန်နိုင်ငံက ၁၉၇၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ White Day ကိုတော့ ဂျပန်နိုင်ငံမှာတင်မက တောင်ကိုးရီးယားနဲ့ တရုတ်နိုင်ငံတွေမှာပါ ကျင်းပလေ့ ရှိပါတယ်။ ထူးခြားချက်တခုကတော့ ဂျပန်နိုင်ငံရဲ့ White Day မှာဆိုရင် လိင်တူ ချစ်သူတွေ အချင်းချင်းကလည်း လက်ဆောင်ပေးလေ့ ရှိကြပါတယ်။
Ref : livejapan & us.jnto.go.jp