တရုတ်လူမျိုးတွေ ယုံကြည်ထားကြတဲ့ ဒဏ္ဍာရီအရဆိုရင်တော့ အချစ်နတ်ဘုရားအကြောင်းက Tang မင်းဆက် လက်ထက် (၆၁၈-၉၀၇ အေဒီ) လောက်က စခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်လူမျိုးအများစုဟာ အချစ်ကိစ္စ ဒါမှမဟုတ် အိမ်ထောင်ပြုဖိုကိစ္စ တခုခုကြုံ လာခဲ့ရင် အချစ်နတ်ဘုရားရှိရာ ဘုန်းကြီးကျောင်းကိုသွားပြီး ဆုတောင်းပတ္တနာပြုလေ့ ရှိကြပါတယ်။
ဒဏ္ဍာရီပုံပြင်အရဆိုရင်တော့ လူတယောက်ဟာ သူ့အိမ်ရှင်မက ဘယ်သူလဲ ဆိုတာ အချစ်နတ်ဘုရားကို မေးခွန်းထုတ်ခဲ့ပါတယ်။ မေးခွန်းထုတ်ခဲ့ပေမယ့်လည်း သူဟာ အချစ်နတ်ဘုရားကို ယုံကြည်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့အိမ်ထောင်ရှင်မကို တွေ့လာခဲ့ပါတယ်။ ဒဏ္ဍာရီပုံပြင်တွေဟာ ဘယ်တော့မှ ရပ်တန့် မနေခဲ့ပါဘူး။ နောက်နောက် မျိုးဆက်တွေအထိ လိုက်ပါလာနေတုန်းပါ။
ဒါကြောင့်လည်း အချစ်နတ်ဘုရားကို ယုံကြည်ကြသူတွေက ရုပ်တုတခု ထုလုပ်ပြီး ကိုးကွယ်ချင်လာကြပါတယ်။ အချစ်နတ်နဲ့ ပတ်သက်ရင်တော့ တရုတ်နိုင်ငံမှ ာနာမည်အကြီးဆုံးက Xia Hai အချစ်နတ်ဘုရား ကျောင်းတော်ပါ။ အဲဒီကျောင်းတော်ကို စောင့်ရှောက်နေတဲ့ Naomi Lee ကတော့ အခုလို ပြောပါတယ်။
“အချစ်နတ်ဘုရားကျောင်းမှာ လာပြီး ဆုတောင်းနေကြသူတွေဟာ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ် ဆိုတဲ့ ကတိကိုတော့ မပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ်ယုံကြည်တယ်ဆိုရင်တော့ အချစ်ကိစ္စတွေမှာ အောင်မြင်နိုင်ပါလိမ့်မယ်။ မယုံကြည်နိုင်ဘူးဆိုရင်တော့လည်း ကျနော့်အနေနဲ့ ဘာမှ မကူညီနိုင်ပါဘူး”လို့ သူက ဆိုပါတယ်။
ထိုင်ဝမ်မှာရှိတဲ့ ဒီအချစ် နတ်ဘုရားကျောင်းကိုတော့ တရက် တရက် ချစ်ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်ပေါင်း ၅၀၀ လောက်လာလေ့ ရှိပါတယ်။ ချစ်သူများနေ့နဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်ကာလတွေမှာဆိုရင် လူ ၁၀၀၀ နီးပါးလောက် လာလေ့ရှိတယ်လို့ Lee က တွက်ပြပါတယ်။ တချို့လူတွေကတော့ ဒီကျောင်းတော်ကြီးဆီကိုပဲ ခဏခဏ ရောက်ရောက်လာကြပါတယ်။ အောင်မြင်သွားကြတဲ့ ချစ်သူစုံတွဲတွေကတော့ မင်္ဂလာကိတ်တွေကို ယူလာလေ့ ရှိကြတယ်လို့ ဆိုပါတယ်။
Xai Hai အချစ်နတ်ဘုရားကျောင်းဟာ Taipei မြို့ကနေ မိနစ် ၄၀ လောက် ကားစီးသွားရပြီး ဒီကျောင်းတော်ကိုတော့ ၁၈၅၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ စတင်ဆောက်လုပ်ချိန်မှာတော့ အချစ်နတ်နဲ့ ပတ်သက်တဲ့ ရုပ်တုကို မထားရှိသေးပါဘူး။ ၁၉၇၁ နောက်ပိုင်းမှ အချစ်နတ်ဘုရားရုပ်တုကို စတင်ထားရှိခဲ့ပါတယ်။ အဲဒီ အချစ်နတ်ဘုရားရုပ်တုကတော့ ၄၃ စင်တီမီတာ ရှည်လျားပါတယ်။
ဗီယက်နမ်နိုင်ငံကနေ တရုတ်နိုင်ငံအထိ လာရောက်ပြီး ဆုတောင်းခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် Chiang Hung Chen ကလည်း သူ့အမြင်ကို အခုလိုပဲ ပြောပြပါတယ်။
“အချစ်ရေးကိစ္စတွေမှာ အဆင်မပြေတဲ့သူတိုင်းဟာ ဒီနေရာကိုလာပြီး ဆုတောင်းသင့်ပါတယ်။ ကျမလည်း ဒီကျောင်းတော်မှာ လာရောက် ဆုတောင်းပြီးမှ ကျမ ခင်ပွန်းသည်ကို တွေ့ခဲ့ရတာပါ။ ဒါကြောင့်လည်း ကျေးဇူးတင်စကားပြောချင်တဲ့လို့ အခုလိုနောက်တခါ ထပ်လာရတာပါ”လို့ ဆိုပါတယ်။
ဒီကျောင်းတော်မှာ အချစ်ကိစ္စဆုတောင်းချင်သူတွေအနေနဲ့ကတော့ နာမည်၊ အသက်၊ နေရပ်လိပ်စာတွေ အရင်ပေးရပါတယ်။ အဲဒီနောက်မှာတော့ အမွှေးနံ့သာတိုင်တွေ ထွန်းပြီး အချစ်နတ်ဘုရားကို ပူဇော်နိုင်ဖို့ ၉ ဒေါ်လာလောက် ကုန်ကျနိုင်မယ့် အမွှေးတိုင်တွေ ဝယ်ယူရပါတယ်။ ဆုတောင်းပြီးသွားပြီဆိုရင်တော့ လက်ထပ်သွားကြတဲ့ စုံတွဲတွေထားသွားတဲ့ မင်္ဂလာကိတ်ကို စားရုံပဲ ဖြစ်ပါတယ်။
အသက် ၃၂ အရွယ်ရှိပြီဖြစ်တဲ့ Chen ကလည်း အခုလို ပြောပါတယ်။ “ကျနော် သူမကို ပိုးပန်းနေခဲ့တာ ၂ နှစ် ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သူမဟာ ကျနော့်ကို အာရုံတောင် မစိုက်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီအချစ်နတ်ဘုရားကျောင်းမှာ ဆုတောင်းဖို့ ရောက်လာခဲ့ပါတယ်။ ဆုတောင်းပြီး ၂ လ အကြာမှာတော့ ကျနော် သူမရဲ့ အချစ်ကို ရရှိခဲ့ပါတယ်”လို့ ဆိုပါတယ်။
Ref : cnntavel