ဟာဝိုင်ယီ ဆလိုက် ဂစ်တာကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သူမှာ Tau Moe ဆိုသူ ဖြစ်နိုင်ချေရှိပြီး ၎င်းသည် ဟာဝိုင်ယီ အနုပညာသည်တဦးအနေဖြင့် ရန်ကုန်မြို့တွင် ၁၉၂၇ ခုနှစ်က ဖျော်ဖြေပွဲများ တင်ဆက်ခဲ့ဖူးကြောင်း ၁၉၈၇ ခုနှစ်ကတည်းက မြန်မာသံ စန္ဒရားကို တီးခတ်ခဲ့သည့် အမေရိကန် အမျိုးသမီး စန္ဒရားဆရာနှင့် တေးရေးဆရာဖြစ်သူ ကစ်ယန်း Kit Young ၏အဆိုအရ သိရသည်။
ဂစ်တာကို ပခုံးဖြင့်လွယ်၍ တီးခတ်ခြင်းထက် ကိုယ်ပိုင်အသွင်ပြောင်းပြီး ပေါင်ပေါ်တင်တီးသြည်။ ကြိုးမှ အသံထွက်ကိုလည်း အသံပြန်ညှိပြီး တီးသည်။ ဘယ်လက်မှ ဆလိုက်ဘားကို လိုသလို တားပြီး ညာလက်မှ လက်မက ကြိုးကြီးများပေါ်တွင် ဘေ့စ်လိုင်းအဖြစ် ဖိတီးကာ လက်ညှိုးက ကြိုးသေးများကို မယ်လိုဒီ သံစဉ်အဖြစ် ကုတ်တီးသည်။ ယင်းသို့ဖြင့် ဟာဝေယန် ဆလိုက်ဂစ်တာသည် စန္ဒရား၊ တယောတို့ကဲ့သို့ မြန်မာဇာတ်သွင်းကာ မြန်မာ ဂန္ထဝင် မဟာဂီတအား ပြီးပြည့်စုံစွာ တီးခတ်နိုင်တော့သည်။
မြန်မာ့ မဟာဂီတသည် အနောက်တိုင်းဂီတသံကိုသာ အထင်ကြီး အလေ့အကျင့်ရနေသော မျိုးဆက်သစ်များကြား စိတ်ဝင်တစား လေ့လာသင်ယူမှု အင်မတန်နည်းကြောင်း မစ္စကစ်ယန်းက ဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့က မကွယ်လွန်မီအထိ ဆရာတင် ကွန်းခိုခဲ့သော ရန်ကုန် ဂီတမိတ် ဂီတသင်တန်းကျောင်းတွင် ဂီတလေ့လာရန် လာရောက်သူ လူငယ် အများအပြားသည် ဆရာတင်အပါအဝင် အခြားသက်ကြီးဂီတပညာရှင်များ မြန်မာ့ရိုးရာဂီတကို တီးခတ်တတ်သော်လည်း “ကျောင်းသားတွေက အနုပညာရှင်တွေ တီးခတ်ပြတဲ့ ရိုးရာဂီတကို ဂရုမစိုက်ကြဘူး”ဟု ကစ်ယန်းက ပြောသည်။ “နားတွေက ကိုလိုနီကျွန်ပြုခံရပြီးတော့ မြန်မာ့ဂီတကို ခေတ်နောက်ကျတယ်လို့ ထင်နေကြပုံပါပဲ”ဟုလည်း ကောက်ချက်ချသည်။
ဂီတမိတ်ကျောင်းကို မစ္စကစ်ယန်း၊ အခြားမြန်မာလုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဦးမိုးနိုင်၊ ဦးတင်ရီတို့က၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် အသိအမှတ်မပြုခံရစေကာမူ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်သော မြန်မာနိုင်ငံ၏ အကောင်းဆုံး ဆလိုက်ဂစ်တာ ပညာရှင်ဖြစ်ခဲ့သူ ဆရာတင်သည် ဂစ်တာကို တီးခတ်နေရခြင်း၌သာ ပျော်ရွှင်နေခဲ့သည်။ သီးသန့်ပညာရှင်အဖြစ် တီးကွက်မျိုးစုံကို လေးလေးနက်နက် တီးခတ်တတ်သလို တဖက်ကမ်းကျွမ်းကျင်မှုကြောင့် အနုစိတ်ဂီတကို ပေါ့ပါးသွက်လက်စွာ လက်စွမ်းပြနိုင်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့တွင် ၁၉၃၁ ခုနှစ်က ဖွားမြင်ခဲ့သူ ဦးတင်၏ ဘဝဖြစ်စဉ်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဆယ်ကျော်သက်အရွယ်က သူနှင့်မိသားစုတို့မှာ မဟာမိတ်တပ်များ ရန်ကုန်မြို့ကို ဗုံးကြဲသဖြင့် ကျေးလက်တောရွာများသို့ စစ်ရှောင်ခဲ့ရသည်။ ကျေးလက်တွင်နေရင်း သူ့ဆရာများဖြစ်လာကြမည့် တူရိယာပညာရှင်များနှင့် ဆုံစည်းခဲ့ရသည်။ ဝမ်းနည်းစရာကောင်းသော စစ်ကြီး၏ ဘေးထွက်အနေဖြင့် ဂီတပညာကို ဆည်းပူးခွင့်ရခဲ့သည်ဟု ဆိုနိုင်သည်။
၄၀ ပြည့်လွန်နှင့် ၅၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် သူ့အလုပ်အကိုင်မှာ အသံတိတ်ရုပ်ရှင်အဖွဲ့များနှင့်အတူ မြို့တော်၏ ထိပ်တန်း သံစုံတီးဝိုင်းများ၌ လိုက်ပါတီးခတ်ခြင်းဖြစ်သည်။ ၁၈၅၇ ခုနှစ်က စတင်တည်ဆောက်ခဲ့သော မန္တလေးမြို့တည်နန်းတည် နှစ်တရာပြည့်ပွဲတော်တွင် သူသည် မဟာဂီတသီချင်းကြီးနှင့်ဂီတာလက်စွမ်းပြမှု နှစ်ခုစလုံးအတွက် ပထမဆု ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် မန်းရာပြည့်ဦးတင်ဟူ၍ နာမည်ရလာခဲ့သည်။ ကိုယ်ပိုင်ဂီတဝိုင်းကို တည်ထောင်ခဲ့ပြီး ၁၉၅၉ ခုနှစ်က မြန်မာ့အသံမှ အသံလွှင့်ခဲ့ရသည်။ ဂီတာဝိဇ္ဇာဘစောကြည်နှင့် ဂီတာဦးစိမ်းမောင်ကဲ့သို့ အကျော်အမော်ဂီတာပညာရှင်များထံတွင် ပညာဆည်းပူးခွင့်ရခဲ့သည်။ သီပေါမင်းလက်ထက်က နန်းတွင်းဂီတပညာရှင်များနှင့်အတူ ပညာယူခဲ့သည့် ဂန္တဝင်ဂီတပညာရှင် ဒေါ်စောမြဧကြည်အပါအဝင် ဒိတ်ဒိတ်ကြဲ ဂီတပညာရှင်များထံတွင်လည်း လေ့လာသင်ယူခဲ့ရသည်။
သို့သော် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့ပြင်ပတွင် အထီးကျန်ဖြစ်သွားခဲ့သည်။ ဆိုရှယ်လစ်အမည်ခံ အုပ်ချုပ်ရေးအောက်တွင် ဂီတသမားများအတွက် အလုပ်အကိုင်မှာ အခွင့်အလမ်းနည်းသွားသည်။ အချို့က အစိုးရ ဝါဒဖြန့် ရုပ်မြင်သံကြားနှင့်ရေဒီယိုတို့တွင် အလုပ်ရကြသော်လည်း မြန်မာ့အကောင်းဆုံး ဆလိုက်ဂစ်တာသမားမှာ ရေပိုက်ပြင်ပြီး ဘဝရပ်တည်ခဲ့ရသည်။
မည်သို့ဆိုစေ ဦးတင်သည် မြန်မာ့အသံ၊ ဓာတ်ပြားကုမ္ပဏီများနှင့် ကက်ဆက်တေးသံသွင်းများအတွက် သီချင်းပေါင်းများစွာကို တီးခတ်အသံသွင်းခဲ့သည်။ ဂျပန်၊ ထိုင်း(၂၀၁၄၊ ၂၀၁၅)၊ အမေရိကန်၊ ဂျာမနီစသည့် တိုင်းပြည်များသို့ သွားရောက်၍ တီးခတ်ဖျော်ဖြေခဲ့သည်။ ၂၀၀၃ ခုနှစ်က စတင်၍ ကွယ်လွန်ချိန်ထိ ဂီတမိတ်အနုပညာကျောင်းတွင် မြန်မာ့ဂီတဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
ကိုးကား။ ။ ဂီတမိတ်နှင့် The Economist