သြစတြီးယားနိုင်ငံသား ဓာတ်ပုံဆရာနှင့် မော်ကွန်းတိုက်မှူး Lukas Birk က ပြည်တွင်း ဓာတ်ပုံဆရာများ၏ မူရင်း ဓာတ်ပုံ ဟောင်းများကို စုဆောင်းပြီး မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်လည်ဖော်ပြရန်နှင့် ခေတ်ဟောင်း ဓာတ်ပုံဆရာများက ပြောခဲ့သည့် ဇာတ်ကြောင်းများကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ခဲ့သည်။
သူ၏ အဓိက စီမံကိန်းဖြစ်သည့် Myanmar Photo Archive တွင် ယခုအချိန်အထိ ဓာတ်ပုံ ၂၀၀၀၀ ကျော် ရှိနေပြီး အကျိုးအမြတ် မမျှော်ကိုးသည့် အလုပ်တခု ဖြစ်သည်။ Lukas Birk ကိုယ်တိုင်က ဓာတ်ပုံဆရာ ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် နိုင်ငံအမျိုးမျိုး၌ သမိုင်းဆိုင်ရာ သုတေသနလုပ်ရင်း မြှုပ်နှံခဲ့သည်။ မြန်မာ နိုင်ငံ၏ ဓာတ်ပုံဆိုင်ရာ သမိုင်းကြွယ်ဝမှုကို သိခဲ့ပြီးနောက်ပိုင်း သူ၏ မြန်မာနိုင်ငံစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည်။
“မြန်မာနိုင်ငံမှာ ကျနော်တွေ့ရှိရတဲ့ စိတ်ဝင်စားစရာကတော့ ဒီမှာ စုံလင်ကွဲပြားတဲ့ ဓာတ်ပုံ ထုတ်လုပ်မှုမျိုး ရှိခဲ့တာပါပဲ။ မယုံ နိုင်စရာ ကောင်းလောက်အောင် စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်း ဒီမှာ အံ့သြလောက်စရာ ဓာတ်ပုံ စတူဒီယိုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်ပုံ ပညာကို ၁၉၅၀ နဲ့ ၁၉၆၀ နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ တော်တော်လေး စိတ်ဝင်စားစရာ တွေ့ရပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို အဲဒီလို အလားတူပါပဲ” ဟု Lukas Birk က ပြောသည်။
“ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သိရှိမှု အလွန်နည်းခဲ့ပါတယ်။ ဒီအကြောင်းကို ဖတ်နိုင်တာလည်း အလွန်နည်းပါတယ်။ ဓာတ်ပုံတွေကို မြင်ရဖို့ အခွင့်အရေး အလွန်နည်းပါတယ်” ဟု သူက ဆက်ပြောသည်။
ပြတိုက်များတွင် ကိုလိုနီခေတ်က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ဗြိတိန်နှင့် ဂျာမန် ဓာတ်ပုံဆရာများ၏ ဓာတ်ပုံ အများ အပြားကို ပြည်သူများ တွေ့မြင်နိုင်ကြသည်။ သို့သော်လည်း မြန်မာဓာတ်ပုံဆရာများ လုပ်နေခဲ့ကြသည့် ကြီးကျယ်သော အလုပ်များကို ပြည်သူတို့ တွေ့မြင်နိုင်ရန် အခွင့်အလမ်း အလွန်နည်းသည်ဟု သူက ပြောသည်။
“ဒီစီမံကိန်းမှာ ကျနော့်ရဲ့ အဓိက စိတ်ဝင်စားမှုက အဲဒါပါပဲ။ အခု မဟာဗန္ဓုလ ပန်းခြံက ရန်ကုန် ဓာတ်ပုံ ပွဲတော်မှာ ပြသနေတဲ့ မြန်မာ နံပါတ် ၁ အပျော်တမ်း ဓာတ်ပုံဆရာ ဦးသန်းမောင်ရဲ့ ဓာတ်ပုံ တခုလိုမျိုး ဇာတ်ကြောင်းတွေကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
Lukas Birk က ဦးသန်းမောင်ကို ချီးကျူးခဲ့သည်။
“သူက တကယ်ကို တော်တဲ့ ဓာတ်ပုံဆရာပါ။ အလွန်လှတဲ့ ဓာတ်ပုံတွေ သူရိုက်ခဲ့တယ်။ ဓာတ်ပုံကို ဘယ်လိုဖွဲ့စည်းရမယ်၊ အရောင်ကို လက်နဲ့ ဘယ်လိုဖြည့်သွင်းရမယ် ဆိုတာတွေမှာ အလွန်ခံစားချက်ကောင်းတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ အလွန်လှပါတယ်။ အဲဒါတွေကို ပြပွဲမှာ တွေ့ရပါလိမ့်မယ်” ဟု သူက ပြောသည်။
“ပြပွဲတခု သို့မဟုတ် ဖုံးကွယ်နေမယ့် အမြဲတမ်းရှိနေခဲ့တဲ့၊ တစုံတရာပါဝင်တဲ့ စာအုပ်တအုပ်ကို ဖော်ထုတ်ရတာက တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။
သူ၏ စုဆောင်းမှုအတွက် ဓာတ်ပုံများရရှိရန် လူအများအပြားနှင့် စကားပြောခဲ့ရသည်။ တခါတရံတွင် ရှေးဟောင်းပစ္စည်း ရောင်းချသူများ၊ ဓာတ်ပုံ စတူဒီယိုများကို ငွေပေးခဲ့ရသည်။ တချို့ ဓာတ်ပုံများကို မူလ ဓာတ်ပုံဆရာများ၏ ဆွေမျိုးများမှ တဆင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“ဦးသန်းမောင် ပြပွဲအတွက် သူ့ရဲ့ သမီးက ပြီးခဲ့တဲ့နှစ်တုန်းက ရန်ကုန် အတွင်းဝန်ရုံးမှာ လုပ်တဲ့ ကျနော့်ရဲ့ Burmese Photographers ဆိုတဲ့ပြပွဲကို လာပြီး စကားပြောပါတယ်။ သူက ကျနော့်ကို ဓာတ်ပုံတွေ ပေးခဲ့ပါတယ်။ အဲဒါတွေက အရမ်း ကောင်းပါတယ်။ အခု ကျနော် စာအုပ်တအုပ်နဲ့ ပြပွဲတခု လုပ်နေပါတယ်” ဟု Lukas Birk က ပြောသည်။
ရန်ကုန် ဓာတ်ပုံပွဲတော်တွင် သူက ဦးသန်းမောင် ရိုက်ကူးခဲ့သော ဓာတ်ပုံ စုစုပေါင်း ၂၅ ပုံ ပြသထားသည်။
“ကျနော်က ဦးသန်းမောင်ရဲ့ ဇာတ်ကြောင်း အနည်းငယ်ကိုပဲ ပြသချင်ခဲ့တာပါ။ မဟာဗန္ဓုလပန်းခြံမှာက ပြပွဲတွေ အရမ်းများ တယ်။ ဒါက အဲဒီဟာတွေထဲက တခုပါပဲ”
Lukas Birk ၏ ဦးသန်းမောင် အကြောင်း ဓာတ်ပုံစာအုပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သူ၏ အခြားသော စာအုပ် ၂ အုပ်နှင့်အတူ Goethe Institut တွင် ပြသသွားသည်။
ရန်ကုန် ဓာတ်ပုံ ပွဲတော်၏ တစိတ်တပိုင်းအနေဖြင့် Lukas Birk က ယခုလ အစောပိုင်းတွင် ၅ ရက်ကြာ ပြုလုပ်ခဲ့သည့် ဓာတ်ပုံစာအုပ် အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များကိုလည်း ပြသထားသည်။
“ဓာတ်ပုံစာအုပ်ယဉ်ကျေးမှုက ကမ္ဘာတလွှားက လမ်းကြောင်းအသစ်တခု ဖြစ်ပါတယ်။ ဓာတ်ပုံ စာအုပ်တခု လုပ်ဖို့ အလွန် ကွဲပြားတဲ့ နည်းလမ်းတွေ ရှိပါတယ်။ စက္ကူနဲ့ ပုံနှိပ်တာ ချည်းပဲ မဟုတ်ပါဘူး။ ချုပ်လုပ်ဖို့အတွက် အထူးနည်းလမ်းတွေနဲ့ လုပ်နိုင်ပါတယ်။ အထူးပစ္စည်းတွေကို သုံးလို့ရပါတယ်။ ဒါကြောင့် အလုပ်ရုံ ဆွေးနွေးပွဲက အဲဒါကို ခင်ဗျားတို့ကိုယ်တိုင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အကြောင်း သိရမှာပါ” ဟု Lukas Birk က ရှင်းပြသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက်သူ အားလုံးက လူငယ်ဓာတ်ပုံဆရာများ ဖြစ်ကြသည်။ တချို့မှာ အလွန် ကျွမ်းကျင်သည့် ဓာတ်ပုံဆရာများ ဖြစ်ကြပြီး အလွန်အားကောင်းသည့် ဓာတ်ပုံ ဇာတ်လမ်းများကို ထုတ်လုပ်ခဲ့ကြသည်။ သို့သော်လည်း ယခင်က ဓာတ်ပုံ စာအုပ် မလုပ်ဖူးခဲ့ကြဟု သူက ပြောသည်။ သူတို့ ပြုလုပ်ခဲ့သည့် ဓာတ်ပုံ စာအုပ်တချို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Goethe Institute နှင့် မဟာဗန္ဓုလ ပန်းခြံတို့တွင် ပြသသည်။
“နောက်ထပ် ကျနော့်ရဲ့ ပွဲတခုကတော့ မဟာဗန္ဓုလ ပန်းခြံမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ လုပ်မယ့် ‘Digitization Station’ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားရဲ့ အဖိုးက စိတ်ဝင်စားစရာ ဓာတ်ပုံတွေ ရိုက်ခဲ့မယ်ဆိုရင်၊ တကယ်လို့ ခင်ဗျားဆီမှာ အဲဒါတွေ ရှိနေသေးပြီးတော့ ဇာတ်လမ်းကောင်းတခု ရှိမယ်ဆိုရင် ကျနော်တို့က အဲဒီ ဓာတ်ပုံတွေကို ဓာတ်ပုံရိုက်ပြီးတော့ မော်ကွန်းတိုက်ထဲမှာ မှတ်တမ်းတင်ပါမယ်။ နောက်ကျရင် ခင်ဗျား မိသားစုရဲ့ ဇာတ်ကြောင်းက ကြီးမားတဲ့ မော်ကွန်းတိုက်ရဲ့ အစိတ်အပိုင်းဖြစ်လာပါမယ်။ ကျနော်တို့ Digital station မှာ အဲဒါ လုပ်မှာပါ” ဟု Lukas Birk က ပြောသည်။
“ကျနော့်မှာ ရှိတဲ့ မော်ကွန်းတိုက်က မြန်မာ့သမိုင်း အကြောင်းချည်းပါပဲ။ တကယ်တော့ သမိုင်းဆိုတာ အစိုးရအဆင့်မှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ သို့မဟုတ် ကြီးမားတဲ့ အကြောင်းကိစ္စတွေမှာ ပါဝင်ပတ်သက်မှု ဘယ်လို ရှိခဲ့သလဲဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ လူတိုင်းမှာ သမိုင်းတခုရှိပါတယ်။ အဲဒါက အရေးကြီးပါတယ်။ မိသားစု ဇာတ်ကြောင်းတွေကို စုဆောင်းရတဲ့ အဓိက အချက်က အဲဒါပါပဲ” ဟု သူက ဆိုသည်။
Lukas Birk ၏ စီမံကိန်းက လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာနေသည်။ သူက အနာဂတ်တွင် ကြီးမားသော အွန်လိုင်း မော်ကွန်း တိုက်တခု တင်ပြရန် စီစဉ်နေသည်။ ဓာတ်ပုံ အားလုံးက အွန်လိုင်းတွင် ရှိနေမည် ဖြစ်ပြီး ပြည်သူများက Key words များကို အသုံးပြု၍ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။
“အဲဒါဆိုရင် မြန်မာနိုင်ငံရဲ့ ကွဲပြားတဲ့ သမိုင်းတခုကို ခင်ဗျားမြင်ရပါလိမ့်မယ်။ အဲဒါက ကျနော့်ရဲ့ ကြီးမားတဲ့ အိပ်မက်ပါ” ဟု သူက ပြောသည်။
(Lwin Mar Htun ၏ Archivist Salvages Myanmar’s Neglected Photographic History ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)