ဖိနပ်မစီးရတဲ့ ရွာလေးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းက တမီးလ်နာဒူးပြည်နယ်မှာရှိတဲ့ ရွာလေး တရွာပါ။ Andaman ဆိုတဲ့ ရွာလေးဟာ တမီးလ်နာဒူးပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ချန်နိုင်းမြို့တော်ကနေ မိုင် ၂၈၀ လောက်ဝေးပြီး ၇ နာရီခွဲလောက် ကားစီးသွားရင် ရောက်ပါပြီ။
အဲဒီ ရွာလေးမှာဆိုရင်တော့ မိသားစုဝင်ပေါင်း ၁၃၀ လောက်နေထိုင်ကြပြီး အများစုကတော့ ရွာကို ဝန်းရံထားတဲ့ စိမ်းလန်းတဲ့ လယ်ကွင်းတွေမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။
တကယ်တော့ ဒီသတင်းဟာ အထူးအဆန်း သတင်းတပုဒ်ပါ။ အဲဒီရွာမှာရှိတဲ့ကြသူတွေ အားလုံးဟာ ရွာထဲကို ထွက်ကြတဲ့အခါ လုံးဝ ဖိနပ်စီးလေ့ မရှိကြပါဘူး။ တခြားရွာတရွာကို သွားလည်မယ် ဆိုရင်လည်း ရွာပြင်ရောက်မှသာ ဖိနပ်စီးလေ့ ရှိကြပါတယ်။ ရွာထဲကို ပြန်ဝင်လာတဲ့အခါမှာတော့ ကိုယ့်ဖိနပ်ကိုယ် လက်ကနေ ကိုင်လာတတ်ကြပါတယ်။
သူတို့ရဲ့ယုံကြည်ချက်ကတော့ အင်အားကြီးမားတဲ့ နတ်ဘုရားမ တပါးက သူတို့ရွာကို ကာကွယ် စောင့်ရှောက် နေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီနတ်ဘုရားမကို ရိုသေသောအားဖြင့် ဖိနပ်မစီးရခြင်း ဖြစ်ပါတယ်။
ဒီရွာမှာဖိနပ်မစီးရဘူးလို့ ဘယ်သူ တဦး တယောက်ကမှ ဥပဒေနဲ့ ပြဌာန်းထားတာမျိုး မရှိပါဘူး။ ဖိနပ်စီးတာ၊ မစီးတာက ပုဂ္ဂိုလ်ရေးရွေးချယ်မှု တရပ်သာ ဖြစ်ပေမယ့် ရွာသားတွေအနေနဲ့ကတော့ အလည်လာရောက်ကြတဲ့လူတွေကိုပါ ဖိနပ် မစီးစေချင်ကြပါဘူး။
“တကယ်တော့လည်း အသက်တအားကြီးတဲ့ လူကြီးတွေက လွဲလို့ ဒီရွာမှာ ဘယ်သူမှ ဖိနပ်မစီးကြပါဘူး” လို့ အသက် ၇၀ အရွယ် ရှိနေပြီဖြစ်တဲ့ အဘိုးအို Mukhan Arumugam က ပြောပါတယ်။
အဲဒီအဘိုးအို Arumugam ဟာ ရွာထိပ်မှာရှိတဲ့ ကြီးမားတဲ့ တမာပင်အောက်မှာ နေ့စဉ်လိုလို ဆုတောင်းနေတတ်တဲ့ လူတယောက်ပါ။ အဲဒီလို ဆုတောင်းနေတဲ့အခါမျိုးမှာဆိုရင် အဘိုးအိုဟာ အဖြူရောင်အင်္ကျီနဲ့ လုံခြည်ကို ဝတ်ဆင်ထားလေ့ ရှိပါတယ်။ ဒီစကားကိုပြောနေတဲ့ အဘိုးအို Arumugam ကိုယ်တိုင်ကလည်း ဖိနပ်စီးမထားပါဘူး။ ဒါပေမဲ့ တအားပူပြင်းတဲ့ နွေရာသီမှာဆိုရင်တော့ ဖိနပ်စီးဖို့ ရည်ရွယ်ထားပါတယ်လို့ အဘိုးအိုက ပြောပါတယ်။
အသက် ၅၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ Karuppiah Pandey ကလည်း အခုလို ပြောပါတယ်။ “ကျနော်တို့က ဒီရွာမှာ စတုတ္တမြောက်မျိုးဆက်ပါ။ ကျနော်တို့လည်း ဒီနည်းလမ်းကို အခုထိ လိုက်နာနေတုန်းပါပဲ”လို့ ပြောပါတယ်။
Karuppiah ဆိုသူက ဆေးသုတ်သမားတယောက်ဖြစ်ပြီး ဒီစကားကိုပြောနေတဲ့အချိန်မှာလည်း သူ့ ဖိနပ်ကို လက်ကကိုင်ထားပါတယ်။ သူဇနီးသည် ဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် Pechiamma ကလည်း စပါးရိတ်သိမ်းပြီး ပြန်လာတာဖြစ်ပေမယ့် သူလည်း ဖိနပ် မစီးထားပါဘူး။ သူမကလည်း အခုလို ပဲပြောပါတယ်။
“ကျမကိုယ်တိုင်လည်း တခြားရွာတရွာကို သွားတဲ့အချိန်ကလွဲလို့ ဒီရွာအတွင်းမှာတော့ ဖိနပ် လုံးဝ မစီးပါဘူး”လို့ ပြောပါတယ်။ သူမက အခုလိုလည်း ဆက်ပြောပါသေးတယ်။
“တယောက်ယောက် ကျမတို့ရွာကို အလည်လာတဲ့အခါ သူတို့တွေက ဖိနပ်စီးလာတတ်ကြပါ တယ်။ ကျမတို့ကို ကာကွယ်စောင့်ရှောက်နေတဲ့ နတ်ဘုရားမကို ရိုသေသောအားဖြင့် ဖိနပ် မစီးကြဖို့ ရှင်းပြတောင်းပန်ပေမယ့်လည်း လိုက်နာမှု မရှိကြပါဘူး”လို့ ပြောပါတယ်။
Ref : bbctravel