Culture

ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း

Want create site? Find Free WordPress Themes and plugins.

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် မကြာခင်မှာ ဆရာကြီးရဲ့ ၁၄၃ နှစ်ပြည့် မွေးနေ့ ရောက်လာပါတော့မယ်။ ဆရာကြီးရဲ့ မိဘတွေကတော့ ဦးစံဒွန်း၊ ဒေါ်အုန်းတို့ ဖြစ်ကြပြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက ဝါးလယ်ရွာမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို မွေးဖွားခဲ့ပါတယ်။

ဆရာကြီးရဲ့ ငယ်နာမည်ကတော့ မောင်လွမ်းမောင်ဖြစ်ပြီး မွေးချင်း ၅ ယောက်မှာ ဆရာကြီးက ဒုတိယမြောက်သားတယောက်ပါ။ ဆရာကြီးဟာ ငယ်စဉ်ဘဝက သင်္ကန်းဝတ်နဲ့ စာပေတွေကိုလေ့လာဆည်းပူးခဲ့ပြီး ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက ဆရာကြီးရဲ့ လက်ဦးဆရာပါ။

ဆရာကြီးဟာ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းပါတော်မူတာကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရပြီးနောက်မှာတော့ အဲဒီနေ့မှာပဲ စစ်ကိုင်းဘက်ကို တောထွက်ခဲ့ပါတယ်။ ဆရာကြီး ရဟန်းဘွဲ့အမည်ကတော့ ပဏ္ဍိတဖြစ်ပြီး ၁၈၉၈ ခုနှစ်မှာ “ပဏ္ဍိတလေး”ဆိုတဲ့ ကလောင် နာမည်နဲ့ မြန်မာ့တိုင်း သတင်းစာမှာ စာကဗျာတွေကို စတင်ရေးသားခဲ့ပါတယ်။

အသက် ၂၄ နှစ် ပြည့်ပြီးနောက်မှာတော့ ရန်ကုန်ကို ရောက်လာခဲ့ပြီး ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှာ စာစီအလုပ်ဝင် လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီပုံနှိပ်တိုက်မှာပဲ စာပြင်ဆရာဖြစ်လာခဲ့ပါတယ်။ ဆရာကြီးဟာ ကဗျာတွေအပြင် ပြဇာတ်တွေကိုလည်းရေးသားခဲ့ပြီး ဆရာကြီးရေးသားခဲ့တဲ့ ပြဇာတ် စုစုပေါင်းက ၈၀ လောက် ရှိခဲ့ပါတယ်။

ဆရာကြီးဟာ မျိုးချစ်စိတ် ရှိသူတယောက် ဖြစ်သလို စားဝတ်နေရေး အခက်အခဲရှိနေတဲ့ ကြားကပဲ သပိတ်မှောက် ကျောင်းသားတွေရဲ့ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေနဲ့ အမ်အေ ဦးမောင်ကြီးတို့ရဲ့တောင်းပန်ချက်အရ သူရိယသတင်းစာမှာ အယ်ဒီတာလုပ်နေရာကနေ အလုပ်ထွက်ခဲ့ပြီး ဗဟန်းအမျိုးသားကောလိပ်မှာ မြန်မာစာပေနဲ့ ရာဇဝင်ဘာသာရပ်ကို သင်ကြားပို့ချပေးခဲ့ပါတယ်။

ဆရာကြီးရေးသားခဲ့တဲ့ ဒေါင်းဋီကာကိုလည်း အမျိုးသားပညာရေးအဖွဲ့သင်ခန်းစာကော်မတီက ကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်းပေးခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာတော့ ရေနံချောင်းမြို့မှာကျင်းပတဲ့ ပထမအကြိမ် သခင်များညီလာခံကို တက်ရောက်ခဲ့ပြီး တို့ဗမာအစည်းအရုံးရဲ့ နာယကအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး “မစ္စတာ မောင်မှိုင်း” နာမည်ကနေ “သခင်ကိုယ်တော်မှိုင်း”ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။

ဆရာကြီးဟာ ၁၉၃၄ ခုနှစ်ကစပြီး သခင်လူငယ်တွေနဲ့အတူ တနိုင်ငံလုံးအနှံ့ နိုင်ငံရေးတရား လှည့်လည် ဟောပြောခဲ့ပါတယ်။ ဆရာကြီးဟာ ရေနံမြေအလုပ်သမားသပိတ်မှာလည်း စိတ်အား ထက်သန်စွာပ ါဝင်ခဲ့သလို တု့ိဗမာအစည်းအရုံးရဲ့ နာယကတယောက်အနေနဲ့ နိုင်ငံနဲ့အဝှမ်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တရားတွေကို ဟောပြောခဲ့ပါတယ်။

တကယ်တော့ ဆရာကြီးဟာ ဗြိတိသျှတွေရဲ့ နံပါတ် ၁ ရန်သူတယောက်ပါ။ ဒါကြောင့်လည်း ဆရာ ကြီးဟာ ဆင်းရဲဒုက္ခအမျိုးမျိုးခံပြီး တပည့်သခင်တွေနဲ့အတူ ရှောင်တိမ်းပုန်းအောင်းနေခဲ့ရပါတယ်။ ၁၉၅၃ ခုနှစ်မှာတော့ တရုတ်ပြည်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီနဲ့ ဆိုဗီယက်ယူနီယံ နိုင်ငံတွေကို ခရီးထွက်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ ငြိမ်းချမ်းရေးစတာလင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

၁၉၅၂ ခုနှစ်မှာဆိုရင်လည်း တရုတ်နိုင်ငံ၊ ပီကင်း ပစိဖိတ်ငြိမ်းချမ်းရေးကွန်ဖရင့်ကို ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး လူထုဦးလှတို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ တော့ သီဟိုဠ်နဲ့ အိန္ဒိယနိုင်ငံတွေမှာကျင်းပတဲ့ ငြိမ်းချမ်းရေးကွန်ဖရင့်ကို တက်ရောက်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှာ အရှေ့ဂျာမနီ၊ ဟမ်းဘတ်တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ရရှိခဲ့ပါတယ်။

ဆရာကြီးဟာ စာပေတွေ အမြောက်အများ ရေးသားခဲ့သလို ကျန်တဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း တည်းဖြတ်ပေးခဲ့ပါသေးတယ်။ မြန်မာစာပေအတွက်တင်မက မြန်မာနိုင်ငံအတွက်ပါအရေးပါတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၈၈ နှစ် ရှိနေခဲ့ပါပြီ။

ကိုးကား – Wikipedia

Did you find apk for android? You can find new Free Android Games and apps.
Loading