အခုရက်ပိုင်းတွေအတွင်းမှာ ကဗျာဆရာ ၊ စာရေးဆရာတွေ တယောက်ပြီးတယောက် ကွယ်လွန် နေကြပါတယ်။ မတ်လ၂၀ရက် တုန်းကလည်း ကဗျာဆရာ မောင်သင်းမိုးကွယ်လွန်ခဲ့သလို မတ်လ၂၆ ရက်မှာဆိုရင်လည်း ကဗျာဆရာ စာရေးဆရာ ကိုငြိမ်း(မန္တလေး) ကွယ်လွန်ခဲ့ပြန်တယ်။
အခုဆိုရင်လည်းစံပယ်ဖြူမဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တယောက်ဖြစ်တဲ့ စာရေးဆရာမကြီးဒေါ်ခင်ဆွေဦးတယောက် မတ်လ၂၇ရက်နေ့ညပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွား ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆရာမကြီးကွယ်လွန်ချိန်မှာတော့ အသက် ၈၆ နှစ်ရှိခဲ့ပါပြီ။
ဆရာမကြီးဒေါ်ခင်ဆွေဦးကို ၁၉၃၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ မှာမွေးဖွားခဲ့ပါတယ်။ မွေးဖွားရာဇာတိ ကတော့ စစ်ကိုင်းမြို့ပါ။
ဆရာမကြီး ရဲ့ ဖခင်ကတော့ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာကြီး မဟာဆွေ (ဦးဘဆွေ) ဖြစ်ပြီး မိခင်ကတော့ ဒေါ်ကြည်ကြည်ပါ။ ဆရာမကြီးဟာ အသက် ၁၃ နှစ်အရွယ်လောက်ကတည်းက စာရေးသားခဲ့သူတယောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ အမျိုးသားစာပေ တသက်တာဆုကို ရရှိခဲ့ပါတယ်။ ဆရာမကြီးစတင်ရေးသားခဲ့တဲ့ သတင်းစာကတော့ ဟိုအရင်တချိန်ကထုတ်ဝေခဲ့တဲ့ သံတော်ဆင့်သတင်းစာဖြစ်ပြီး ကလေး ကဏ္ဍမှာ ဝတ္ထု ၊ ဆောင်းပါးတွေကို ရေးသားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်မှာရေးသားခဲ့တဲ့ “ဒို့တိုင်းဌာနီ” လုံးချင်းဝတ္ထုကြောင့် စာပေနယ်မှာ ထင်ရှား လာခဲ့ပါတယ်။ ဆရာမကြီးရဲ့ အင်တာဗျူးတခုမှာဆိုရင်လည်း “ဒို့တိုင်းဌာနီ”ဝတ္ထုကို ဂျပန်နိုင်ငံက ဘာသာပြန်ဖို့ ခွင့်ပြုချက်တောင်းဆို ခဲ့တယ်လို့ သိရပါတယ်။
ဆရာမကြီးဟာ ၁၉၅၆ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိခဲ့သလို ၁၉၆၇ ခုနှစ်မှာတော့ ပညာရေးတက္ကသိုလ်ကနေ နောက်ထပ်ဘွဲ့တဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ ၁၉၅၁-၅၂ ခုနှစ်တွေမှာတော့ ရန်ကုန်တက္ကသိုလ် စာနယ်ဇင်းအသင်းရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၅၂-၅၃ ခုနှစ်တွေမှာလည်း အိုးဝေမဂ္ဂဇင်းရဲ့ တွဲဖက်အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။လက်ရှိ ကွယ်လွန်ချိန်မှာလည်း မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ ရဲ့ နာယက ဖြစ်ပါတယ်။
ဆရာမကြီးရေးသားခဲ့တဲ့ဝတ္ထုတွေဟာ မကြာခဏပြန်လည်ထုတ်ဝေခဲ့ရသလို နာမည်ကြီး ဝတ္ထုတွေကတော့ “ဒို့တိုင်းဌာနီ” ၊ “အင်ကြင်းရဂုံ” ၊ “တိမ်တောက်ချိန်” ၊ နေခြည်ဖြာတော့ နွေးလိမ့် မယ်” “စစ်ကိုင်းသမီးဒိုင်ယာရီ” စတဲ့စာအုပ်တွေပါပဲ။