သင်္ကြန်ဟူသည် ကူးပြောင်းခြင်းဟု အနက် အဓိပ္ပာယ်ရပါသည်။ တပေါင်းလတွင် မြန်မာ နှစ်တနှစ် ကုန်ဆုံးပြီး တန်ခူးလတွင် နှစ်သစ်ကူးပြောင်းသော ကာလဟု ဆိုလိုသည်။ နှစ်သစ်ကူးသော အယူအဆနှင့် ပတ်သက်ပြီး လေ့လာကြည့်သောအခါ အယူအဆ ၂ ခုကိုတွေ့ရပါသည်။ ပထမ အယူအဆမှာ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့၏ စစ်ပွဲဖြစ်ပြီး ဒုတိယ အယူအဆမှာ ဗေဒင်ပညာရပ်နှင့် ဆက်စပ်နေသည်။
ပထမ အယူအဆကို အကျဉ်းအားဖြင့် ဆိုရပါမူ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့၏စစ်ပွဲတွင် သိကြားမင်းကအနိုင်ရခဲ့သည်။ အနိုင်ရခဲ့သော်လည်း ဗြဟ္မာမင်းမှာ တန်ခိုးကြီးလှသူဖြစ်သောကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို ပင်လယ်ထဲ ပစ်ချပါကလည်း ရေခမ်းမည်။ မြေမှာထားလျှင်လည်း မီးလောင်ပျက်စီးမည်။ လေထဲပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်မည်။ ထို့ကြောင့် သိကြားမင်းက သူ၏ လက်ထဲတွင်သာ ကိုင်ထားရတော့သည်။
နောက်ပိုင်းမှာတော့ သိကြားမင်းက တန်ခိုးကြီးနတ်မင်းများကို တာဝန်လွှဲပေးပြီး တနှစ်လျှင် နတ်မင်းတပါးက ဗြဟ္မာဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် အမိန့်ချမှတ်ခဲ့လေသည်။ ထိုအချိန်မှ စတင်ပြီး နှစ်တနှစ်အကူးအပြောင်း အယူအဆ စတင်ပေါ်ပေါက်လာခဲ့ရသည်။ ယခုဖော်ပြခဲ့သော အယူအဆသည် ဗုဒ္ဓ၏အယူအဆမဟုတ်ဘဲ ဟိန္ဒူတို့ အယူအဆသာ ဖြစ်သည်။
ဒုတိယ အယူအဆမှာ ဗေဒင်ပညာရပ်များနှင့် ကမ္ဘာကြီးက နေကိုလည်ပတ်နေသော ရာဇဝင်နှင့် ဆက်စပ်နေသည်။ ထိုအယူအဆအရ ဆိုရပါမူ နေသွားလမ်းကို ၁၂ ရာသီခွင်နှင့် ညှိနှိုင်းတွက်ချက်ကာ မြန်မာသုံးပြက္ခဒိန်အရ တန်ခူးလအတွင်းတွင် သင်္ကြန် (သင်္ကန္တ) ကျရောက်လေသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းလေသည်။
နောက်ထပ် ယူဆပုံ တမျိုးမှာ တန်ခူးဟူသည့် ဝေါဟာရမှာ ပါဝင်သော “တန်” မှာ “ထန်း”ဟု အဓိပ္ပာယ်ရပြီး “ခူး”မှာ ခူးဆွတ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် “ထန်းသီး ခူးသောလ”ဟု အဓိပ္ပာယ် သက်ရောက်ပါသည်။
ဗုဒ္ဓကျမ်းဂန်များအရ ဆိုရသော် ထိုကာလတွင် ဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများ ရေကစားသည့်လဟုလည်း ဆိုသည်။ မြတ်စွာဘုရားရှင် လက်ထက် မတိုင်မီကဆိုလျှင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ ရှိကြသည်ဟုလည်း ဆိုသည်။
ဖော်ပြခဲ့သောဇာတ်လမ်းများတွင်မူ သိကြားမင်းမပါဘဲ ဗုဒ္ဓဝင်နှင့် ဗေဒင်ကို ညှိပြီး ရေကစားကြခြင်းသာ ဖြစ်သည်။ ဇာတ်လမ်းများအရ မည်သို့ပင်ဆိုစေကာမူ ယခုကာလမှာတော့ သင်္ကြန်ရေကစားခြင်းသည် မြန်မာ နိုင်ငံမှာသာမက ထိုင်း ၊ လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံများမှာပါ ကျင်းပလေ့ရှိသော ပွဲတော်တခု ဖြစ်လာခဲ့သည်။
မြန်မာတို့က သြင်္ကန်ဟုခေါ်ကြသလို ထိုင်းတို့က ဆုန်ခရမ် (Songkran) ၊ လာအိုတို့က ပီမိုင် (Pimai) ကမ္ဘောဒီးယားတို့က Chaul Chnam Thmey စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြပါသည်။ အိန္ဒိယနိုင်ငံတွင်မူ သြင်္ကန်ပွဲတော်ကို မတ်လအတွင်း ကျင်းပလေ့ ရှိပြီး ဆေးနီရေများဖြင့် အချင်းချင်း ပက်ကစားလေ့ ရှိကြသည်။
မြန်မာနိုင်ငံတွင်မူ သင်္ကြန်ရေကစားခြင်း ဓလေ့သည် ပုဂံခေတ်ကပင် စတင်ခဲ့သည်ဟု မှတ်ယူဖွယ်ရာ ရှိနေသည်။ အကြောင်းမှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် မိဖုရားစောလုံနှင့် ရေပက်ကစားရာတွင် ဘုရင်က အကျီစား လွန်သဖြင့် မိဖုရားစောလုံက စိတ်ဆိုးပြီး ဘုရင်ကို လုပ်ကြံရာတွင် ဘုရင်ကိုသေကြောင်းကြံသောကြောင့် မိဖုရားစောလုံ ကွပ်မျက်ခံရသည် ဟူသော ဖြစ်ရပ်ရှိခဲ့သောကြောင့် ဖြစ်သည်။
သင်္ကြန်နှင့်ပတ်သက်ပြီး ပြောရလျှင် မြတ်စွာဘုရားဟော ပိဋကတ်တော်တွင် သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများ မပါဝင်ပေ။ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် ကျင်းပလေ့ ရှိသော နက္ခတ် ပွဲသဘင်အကြောင်းများသာ ပါဝင်ပေသည်။
ရှေးယခင်ခေတ်ကမြန်မာတို့ ရေကစားခဲ့ကြရာတွင် သက်ကြီးရွယ်အိုများကို သနပ်ခါးနံ့သာများဖြင့် ပက်ဖျန်းခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်း စသော ချစ်စရာဓလေ့များ ပါဝင်ခဲ့သည်။ ယခုခေတ်တွင်မူ ခေတ်ကာလအလျောက် မဏ္ဍပ်များဆောက်ကာ သင်္ကြန်ပွဲတော်ကို ကြီးကျယ်စွာ ကျင်းပ လာကြသည်။ အချို့ မြို့များတွင်မူ အိုးမည်းသုတ်ခြင်းကလည်း ချစ်စရာကောင်းသော အလေ့အထတခု ဖြစ်သလို အချို့ မြို့ များတွင် မိန်းကလေးများအား ရေလောင်းခွင့်တောင်းကာ ရေလောင်း၊ ရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့နိုင်သေးသည်။
သိသာထင်ရှားလာသောအချက်တချက်မှာ သင်္ကြန်ယိမ်း အကအလှများအစား မလုံမခြုံအဝတ် အစားများဝတ်ဆင်ကာ ဖော်ချွတ်ကပြ ဖျော်ဖြေသည်များကို တွင်တွင်ကျယ်ကျယ် တွေ့လာရခြင်း ဖြစ်သည်။ ယနေ့ခေတ် သင်္ကြန်ပွဲတော်သည် ခေတ်ဟောင်း ခေတ်သစ် ရေကစားဟန်များ ရောထွေးနေသော်လည်း သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံသားများ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိသော မြန်မာ့နှစ်သစ်ကူး ပွဲတော်တခုပင် ဖြစ်သည်။
ကိုးကား – my.wikipedia.org