Culture

“တူးပို့ တူးပို့” သီချင်းကို ရေးသားခဲ့သူ ဂီတပညာရှင် ဆရာကြီး မြို့မငြိမ်း

Want create site? Find Free WordPress Themes and plugins.

သင်္ကြန်ရောက်လာတာနဲ့ “တူးပို့ တူးပို့” နဲ့ မန်းတောင်ရိပ်ခို ဆိုတဲ့ သီချင်းသံတွေကို နေရာအနှံ့မှာ ကြားလာရပါတယ်။ ခေတ်အဆက်ဆက်လူတွေဟာ ဒီသီချင်းတွေကို ပုံစံတွေ အမျိုးမျိုးပြောင်းပြီး သီဆိုခဲ့ကြတာ ခုခေတ်ထိတိုင်အောင်ပါပဲ။ သြင်္ကန်ဟာ “တူးပို့ တူးပို့” နဲ့ စပြီး “တူးပို့ တူးပို့” နဲ့သာ အဆုံးသတ်ရိုး အမှန်ပါ။

ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာခဲ့ကြတဲ့ သြင်္ကန်သီချင်းတွေဟာ ဆရာမြို့မငြိမ်း ရေးသားခဲ့တဲ့ သြင်္ကန်သီချင်းတွေကို မကျော်လွန်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေးဆရာ အယ်ဖြူက “မြို့မငြိမ်းရဲ့ သီချင်းလောက်မကောင်းတာ ဘာကြောင့်လဲ” ဆိုပြီး ရေးခဲ့ပါတယ်။

တကယ်လည်း ဆရာ မြို့မငြိမ်းဟာ သူ့ဘဝ တလျှောက်လုံးမှာ အနုပညာအလုပ်တွေကိုချည်း လုပ်သွားခဲ့တဲ့ လူတယောက်ပါ။ ဆရာကြီးရေးခဲ့တဲ့ “လူချွန်လူကောင်း” ၊ “တိမ်လွှာမို့မိုလွင်” စတဲ့ သီချင်းတွေဟာ ဘယ်တော့မှ တိမ်ကောမသွားမယ့် သီချင်းတွေချည်းပါပဲ။ ဆရာကြီးကို အနက်ဖွင့်မယ်ဆိုရင် သီချင်းရေးဆရာဆိုတဲ့ စကားလုံးက ပြည့်စုံမှာ မဟုတ်ပါဘူး။ ဂီတ ပညာရှင်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကသာ ပိုပြီးမှန်ကန်ပါလိမ့်မယ်။

ကော်ပီသီချင်းတွေဆိုခဲ့ကြတာဟာ အခုခေတ်မှ မဟုတ်ပါဘူး။ ဆရာကြီးမြို့မငြိမ်းတို့ လက်ထက်ကတည်းက ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ အနောက်တိုင်း ဂီတသင်္ကေတတွေကို စနစ်တကျ သင်ယူပြီး သူ့ကိုယ်ပိုင်ဂီတ ဉာဏ်အစွမ်းအစနဲ့သာ ကိုယ်ပိုင်တေးသွားတွေကို ရေးသားခဲ့ပါတယ်။

အနောက်တိုင်းဂီတသင်္ကေတနဲ့ပတ်သက်လို့ ဆရာမြို့မငြိမ်းရဲ့ ဆရာတွေကတော့ မစ္စတာရီဂို ၊ မစ္စတာဘော်ဘီနဲ့ မစ္စတာဒေးဗစ်တို့ပါပဲ။ မစ္စတာရီဂိုဟာ စန္ဒရားဆရာတယောက်ဖြစ်တဲ့အပြင် ရီဂိုဗင်တီးဝိုင်းထောင်ထားပြီး ဂီတသင်တန်းဖွင့်ထားသူ တယောက်ပါ။ မစ္စတာ ဘော်ဘီကတော့ ထရမ်းပက်သမားတယောက်ဖြစ်ပြီး ဂီတတူရိယာမျိုးစုံနဲ့ ဂီတနဲ့သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို ရောင်းတဲ့ဆိုင် ဖွင်လှစ်ထားသူတယောက်လည်းဖြစ်ပါတယ်။

မစ္စတာဒေးဗစ်ကတော့ မန္တလေးနန်းတွင်း စစိဘင်ခရာတီးဝိုင်းက တီးဝိုင်းခေါင်းဆောင်လို့ ဆိုပါတယ်။ ဆရာကြီး မြို့မငြိမ်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မ အပျော်တမ်းတူရိယာအဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာတော့ ဆရာကြီးရဲ့ ဖခင်ဖြစ်သူက ခံစားမှုအနုပညာရှင် ပန်းချီဆရာကြီး ဦးဘသက်ဆီမှာ ပညာသင်ကြားဖို့ အပ်နှံခဲ့ပါတယ်။ ၅ နှစ်လောက်အကြာမှာတော့ ပန်းချီ၊ ပန်းပု၊ မယ်ဒလင်၊ ဘင်ဂျို ၊ ဗျက်စောင်း စတဲ့ပညာရပ်တွေကို သင်ကြားတတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရွာစားစိန်ဗေဒါ နဲ့ ဒေဝဣန္ဒာ ဦးမောင်မောင်ကြီးဆီကနေ မြန်မာ့စောင်းပညာကို သင်ကြားခဲ့ပါတယ်။

ဆရာကြီးကို ၁၉၀၉ ခုနှစ်မှာ မန္တလေးမြို့မှာပဲ မွေးဖွားခဲ့ပါတယ်။ ၁၉၃၁ ခုနှစ်ကနေစတင်ပြီး သီ ချင်းတွေကို ရေးစပ်သီကုံးခဲ့ပြီး မြို့မငြိမ်းဆိုတဲ့ ဂီတစာဆိုနာမည်ကို ခံယူခဲ့ပါတယ်။ ဆရာကြီးရဲ့ ငယ်နာမည်ကတော့ ဦးကျော်ငြိမ်းပါ။

ဆရာကြီးရေးသားခဲ့တဲ့ သီချင်းပေါင်းက ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ တတိုင်းပြည်လုံးကို ပထမဆုံး စတင်ကျော်ကြားစေခဲ့တဲ့ သီချင်းကတော့ “ချစ်ထာ ပဓာန” ဆိုတဲ့သီချင်းပါ။ ဆရာကြီးဟာ သီချင်းရေးသက် ၂၄ နှစ်အတွင်းမှာ ခေတ်အဆက်ဆက် ကျန်နေခဲ့မယ့် သီချင်းတွေအများကြီးကို ရေးသားခဲ့ပါတယ်။ မကွယ်လွန်မီ နောက်ဆုံးရေးသားခဲ့တဲ့ သီချင်းကတော့ “တိမ်လွှာမို့မိုလွင်” လို့ ဆိုပါတယ်။

ဆရာကြီး မြို့မငြိမ်းဟာ ၁၉၅၅ ခုနှစ် ၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ မော်တော်ကားတိုက်ပြီး ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီး မြို့မငြိမ်း ကွယ်လွန်ခဲ့တာ ၆၃ နှစ်ကျော်သွားခဲ့ပြီဆိုပေမယ့် ဆရာကြီး ထားခဲ့တဲ့ သီချင်းတွေကတော့ တိမ်ကော မသွားခဲ့ပါဘူး။ ဒါကြောင့်လည်း ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း သြင်္ကန် ဟာ “တူးပို့တူးပို့” နဲ့ “မန်းတောင်ရိပ်ခို” သီချင်းထဲကစာသားဖြစ်တဲ့ “မြနန္ဒာ” ကို ကျော်လို့ မရခဲ့ပါဘူး။ ။

ကိုးကား – mywikipedia

Did you find apk for android? You can find new Free Android Games and apps.
Loading