ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရုပ်တုကတော့ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်မြို့မှာ ရှိပါတယ်။ အဲဒီရုပ်တုကြီးရဲ့ အမြင့် က ၁၈၂ မီတာ(၅၉၇ ပေ) ရှိပြီး ၄ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်။
ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ဒီရုပ်တုကြီးဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ Sardar Vallabhbhai Patel ရဲ့ ရုပ်တုဖြစ်ပြီး Sardar ရဲ့ ၁၄၃ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Sardar ဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သလို လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ ၄ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ Sardar ရဲ့ရုပ်တုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ လစ်ဘာတီရုပ်တုထက် ၂ ဆ အမြင့် ရှိပါတယ်။
ဒီရုပ်တုကြီး ဆောက်လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီကလည်း အခုလိုပဲပြောပါတယ်။ “ဒီရုပ်တုကြီးဟာ နိုင်ငံသားတွေအားလုံးအတွက် ရည်ရွယ်ထုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Sardar ဟာ အိန္ဒိယနိုင်ငံသားတွေအဖို့တော့ စည်းလုံးခြင်းအတွက် ပြယုဂ်တခုပါပဲ”လို့ ဆိုပါတယ်။
ဒီရုပ်တုကြီးကိုတော့ အိန္ဒိယရူပီး ၂၈၉ ကုဋေ အကုန်အကျခံ တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ လာရောက်လည်ပတ် ကြသူတွေအတွက် အဆင်ပြေနိုင်အောင် အခန်း ၅၂ ခန်း ပါဝင်တဲ့ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ဟိုတယ်ကိုလည်း ဖွင့်လှစ်ထားပါတယ်။
Sardar ကို ၁၈၇၅ အောက်တိုဘာ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ဝတ်လုံတော်ရရှေ့နေ တယောက်ဖြစ်ခဲ့ပြီး ဘဝတလျှောက်လုံး အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ အိန္ဒိယ အမျိုးသားကွန်ဂရက် ခေါင်းဆောင်တွေနဲ့အတူ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှုတွေမှာ ဦးဆောင်သူအနေနဲ့ ပါဝင်လှုပ်ရှားပေးခဲ့သလို အိန္ဒိယနိုင်ငံတွေ စည်းလုံးညီညွှတ်ကြဖို့ ပဲ့ထိန်းပေးသူ တယောက်လည်းဖြစ်ပါတယ်။ Sardar ဟာ ၁၉၅၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
Ref: thetravelmagazine.net & en.wikipedia