ဆရာကြီး ရွှေဥဒေါင်းကို ၁၈၈၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့ မန္တလေးမြို့ မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီးရဲ့ မိဘတွေကတော့ ဦးဧရာ၊ ဒေါ်ရွှေတို့ဖြစ်ပြီး ငယ်နာမည်ကတော့ ဦးဖေသိန်းပါ။ ဆရာကြီးရဲ့ဖခင်ဖြစ်သူကတော့ သီပေါမင်းလက်ထက်မှာ လွှတ်တော်စာရေးအဖြစ် အမှုထမ်းခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ရွှေကလည်း သီပေါမင်းလက်ထက်မှာ စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ပါတယ်။
ဆရာကြီးဟာ မန္တလေးမြို့ ဗုဒ္ဓဘာသာ သီလရှင်ကျောင်းမှာ စတင် ပညာသင်ကြားခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်မှာတော့ ကာလကတ္တားတက္ကသိုလ် အသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပြီး မန္တလေးဗုဒ္ဓဘာသာကျောင်းနဲ့ အေဘီအမ်ကျောင်းတွေမှာ ကျောင်းဆရာအလုပ်ကို ဝင်လုပ်ခဲ့ပါတယ်။
တောလိုက် စာရေးဘဝ အသက် ၂၁ နှစ်မှာတော့ ပထမဆုံးအကြိမ် အိမ်ထောင်ကျခဲ့ပါတယ်။ ပထမ အိမ်ထောင်နဲ့ ၃ နှစ်လောက်ပေါင်းပြီး အိမ်ထောင်ကွဲခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ ဒုတိယအိမ်ထောင် ထပ်ကျပြီး ၁၉၂၀ မှာ အိမ်ထောင်ထပ်ကွဲပြန်ပါတယ်။ ဆရာကြီးဟာ အိမ်ထောင် ၃ ဆက် ကျခဲ့ပြီး နောက်ဆုံးအိမ်ထောင်ကတော့ ဒေါ်စိုးပါ။ ဒေါ်စိုးနဲ့ ကျမှပဲ ဆရာကြီးရဲ့ အိမ်ထောင်ရေး မြဲခဲ့ပါတယ်။
ဆရာကြီးဟာ အေဘီအမ်ကျောင်းမှာ ပညာသင်ကြားနေတုန်း ၈ တန်းအရွယ်ကတည်းကပဲ စာဖတ် ဝါသနာပါခဲ့ပြီး ကမ္ဘာ့ဂန္ထဝင်မြောက် အင်္ဂလိပ်ဝတ္ထုကြီးတွေကို ဖတ်ရှုနိုင်ခဲ့ပါတယ်။ စာဖတ်သက် ရင့်ကျက်လာတာနဲ့အမျှ ဘဝအတွေ့အကြုံတွေလည်း များလာခဲ့ပြီး ဝတ္ထုရေးလိုစိတ်တွေ ထက်သန်လာခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ညမှာတော့ “ရန်ကြီးအောင်”ဝတ္ထုကို စတင်ရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူရိယ ဦးဘဘေရဲ့တိုက်တွန်းချက်အရ မစ္စက်ဟင်နရီဝုရဲ့ “East Lynne” ဝတ္ထုကို မှီငြမ်းပြီး “ရတနာပုံ”ဝတ္ထုကို ရေးသားခဲ့ပါတယ်။ ဒီဝတ္ထု ၂ ပုဒ်ကို အကြောင်းပြုပြီး သူရိယမဂ္ဂဇင်းတိုက်က ဆရာကြီးကို အယ်ဒီတာအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆရာကြီးကို စာပေလောကထဲ ပို့ဆောင်ပေးခဲ့တဲ့ “သူရိယ” အထိမ်းအမှတ်ဖြစ်တဲ့ “ဒေါင်း”ကို အစွဲပြုပြီး “ရွှေဥဒေါင်း”ဆိုတဲ့ ကလောင်နာမည်ကို ခံယူခဲ့ပါတယ်။
ဆရာကြီးဟာ သူရိယမဂ္ဂဇင်းမှာ အယ်ဒီတာ လုပ်နေစဉ်မှာပဲ မြန်မာဂျာနယ်သမိုင်းမှာ ပထမဆုံးဂျာနယ်ဖြစ်တဲ့ “မြန်မာ့ဗျူဟာ ဂျာနယ်”ကို မိတ်ဆွေတဦးနဲ့ပေါင်းပြီး ထုတ်ဝေခဲ့ပါသေးတယ်။ ၁၉၂၀ ခုနှစ်မှာတော့ “သူရိယမဂ္ဂဇင်း” နဲ့ မသင့်မတင့်ဖြစ်ပြီး အလုပ်က ထုတ်ခံခဲ့ရပါတယ်။ တတိယအိမ်ထောင်ဖြစ်တဲ့ ဒေါ်စိုးနဲ့ အကြောင်းပါပြီးနောက်မှာတော့ ကန္နီရွာမှာ အင်္ဂလိပ်ကျောင်းဆရာအလုပ်ကို ၂ နှစ်လောက် ဝင်လုပ်ခဲ့ပါသေးတယ်။
အသက် ၃၆ နှစ်မှာတော့ ရဟန်းဘောင်ကို ဝင်ရောက်ခဲ့ပြီး ရဟန်းအဖြစ်နဲ့ အရိုးထုတ်တော့မယ်လို့ ကြံရွယ်ထားပေမယ့် ငှက်ဖျားမိပြီး အသည်းအသန်ဖျားတဲ့အတွက် လူဝတ် လဲခဲ့ရပါတယ်။ ဆရာကြီးဟာ စာရေးခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး လခစားအလုပ်ကိုလည်း ကြိုကြားကြိုကြား ဆိုသလို လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာတော့ နယူးဘားမားသတင်းစာတိုက်မှာ ခဏ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
၁၉၃၀ ခုနှစ်မှာတော့ ပဲခူးမြို့ ခရစ်ယာန်စာပေအသင်းမှာ ဘာသာပြန်ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာအုပ်ပေါင်း ၂၀ ကျော်ကို ဘာသာပြန်ပေးခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာတော့ သူရိယကပြန်ခေါ်ပြီး အယ်ဒီတောအဖြစ် ပြန်လည်ခန့်ထားခဲ့ပါတယ်။
ဆရာကြီးဟာ ဗုဒ္ဓဘာသာရဲ့ စိတ္တာ ဝိပဿနာကို ကျကျနန ကျင့်သုံးသူတယောက်ဖြစ်တဲ့အပြင် လက်ဝဲစာပေအများအပြားကိုလည်း ဖတ်ရှုခဲ့သူတယောက်ပါ။ မန္တလေး လူထုသတင်းစာတိုက်မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူနေစဉ်ကာလအတွင်းမှာတော့ ဖဆပလအစိုးရဲ့ အကျဉ်းချခြင်းကို ၅ လနီးပါး ခံခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးအစိုးရ လက်ထက်မှာတော့ “လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ”မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။
ဆရာကြီးဟာ စာအုပ်ပေါင်းများစွာရေးသားခဲ့သလို ချားလ်ဒစ်ကင်းရဲ့ “Great Expectation” ကို ဘာသာပြန်တဲ့ “မျှော်တလင့်လင့်” ဝတ္ထုနဲ့ ၁၉၅၂ စာပေဗိမာန်ဆု ၊ Upton Sinclari ရဲ့ The Jungle ဝတ္ထုကို ဘာသာပြန်တဲ့ “သွေးစုပ်မြေ”ဝတ္ထုနဲ့ ၁၉၅၅ စာပေဗိမာန်ဆု အသီးသီးရခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၇၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ကိုးကား – my.wikipedia